News

POST TAGGED AS

ကော့ကရိတ်

11-Jul-2018

မြ၀တီ မြေပြို
မြဝတီလမ်းတွင် မြေထပ်ပြိုနိုင်ဟုဆို
ဘားအံ၊ ဇူလိုင် ၁၀

မြဝတီ-ကော့ကရိတ် လမ်းပိုင်း နတ်စင်ကုန်းကွေ့တွင် မြေပြိုမှုဖြစ်ပွားခဲ့သည့်အတွက် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်ကို ရှင်းလင်းမှုများ ပြုလုပ်နေသော်လည်း ထပ်မံပြိုကျမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။

ဇူလိုင် ၉ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ မြေပြိုမှုဖြစ်ပွားခဲ့ရာ တစ်ရက်အတွင်း မြေပြိုမှု သုံးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ညပိုင်းတွင်မူ ထပ်မံပြိုကျမှုများမဖြစ်ပေါ်ခဲ့သော်လည်း မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများကို အသုတ်လိုက် ဖြည်းဖြည်းချင်း သွားလာခွင့်ပေးနေကြောင်း ယင်းအစိုးရထံမှသိရသည်။

“မြေစာပုံက များတယ်။ ယန္တရားက ခရီးသွားကားတွေကို ရှောင်နေရတော့ လုပ်ရတာ အချိန်ကြန့်ကြာနေတယ်။ အဆင်းရော အတက်ရော သတိထားပြီး မောင်းစေချင်ပါတယ်။ ဒီရက်ပိုင်း ညဘက်တွေ အာရှလမ်းကို အရေးကြီးလို့ သွားခဲ့ရင်တောင် သတိထားပြီး သွားစေချင်တယ်။ မြေပြိုမှုတွေ ထပ်ဖြစ်နိုင်သေးလို့ပါ”ဟု မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောကြားသည်။

မြေစာများဖယ်ရှားမှုကို ယမန်နေ့ကတည်းက ပြုလုပ်နေပြီး ယခုအချိန်တွင် ကားများသွားလာနိုင်ပြီဖြစ်သော်လည်း ထပ်မံမြေပြိုမှုများဖြစ်လာနိုင်သည့်အတွက် အခြေအနေကိုစောင့်ကြည့်နေရကြောင်း ကရင်ပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းဟန်စိုးက ဆိုသည်။

“အဒေါ်တို့ကတော့ ပစ္စည်းတွေကို ကားလေးနဲ့ပဲတင်တယ်။ သိပ်ပြီး ကြိုလုပ်တာမဟုတ်တော့ ပြဿနာကတော့ သိပ်မရှိပါဘူး။ နည်းနည်းလေး စိတ်ရှည်ပေးရတာပေါ့။ အထည်ကြီးလုပ်တဲ့လူတွေကျတော့ နည်းနည်းတော့ အနှောင့်အယှက်ဖြစ်နိုင်တယ်။ သူတို့က ကားကြီးတွေနဲ့ချနေတာ ဆိုတော့”ဟု မြဝတီ-ရန်ကုန်သို့ ကုန်ကူးသန်းနေသူ ဒေါ်ဒေဝီက ပြောဆိုသည်။

R-17




FOLLOW US