News

POST TAGGED AS

ဧရာဝတီ

ကြိုးကြာခေါင်းနီကို ဧရာဝတီတိုင်းတွင် သုတေသနပြုလေ့လာ


ရန်ကုန်၊ ဩဂုတ် ၁၃

မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နေသည့် ကြိုးကြာခေါင်းနီများ၏ ကျက်စားနေထိုင်မှုကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် သုတေသနပြုလေ့လာလျက်ရှိပြီး ၂၀၁၈ ခုနှစ်အတွက် ပထမဦးဆုံး ကြိုးကြာခေါင်းနီ အကောင်ပေါက်ငယ်နှစ်ကောင်ကို မအူပင်မြို့အနီးတွင် မှတ်တမ်းတင်ရရှိခဲ့ကြောင်း ငှက်နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးသက်ဇော်နိုင်က ပြောကြားသည်။ 

“အကောင်အရေအတွက်က တော်တော်လေး ကျလာတယ်။ အဓိက အကောင်အရေအတွက် ကျရတာက သူတို့ အကောင်မပေါက် မျိုးမပွားနိုင်တာရယ် သူတို့နေတဲ့ နေရပ်ဒေသတွေ ပျက်စီးလာတာကြောင့်ပဲ။ မြန်မာနိုင်ငံက တချို့နေရာတွေဆို တော်တော်အခြေအနေ ဆိုးနေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါသုတေသနပြု လေ့လာခြင်းကို သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ဝါးခယ်မမြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် အိမ်မဲမြို့နယ်တို့တွင် ဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်က ကြိုးကြာအသိုက် ၃၃ သိုက်၊ ၂၀၁၇ ခုနှစ်တွင် ၁၃၈ သိုက် တွေ့ရှိရပြီး ယခုနှစ်တွင် အသိုက်ပေါင်း၂၀ ကျော် တွေ့ရှိထားကြောင်း၊ လာမည့် နိုဝင်ဘာလ ဒုတိယပတ်အထိ သုတေသနပြု ဆက်လေ့လာသွားမည်ဖြစ်ကြောင်း ဦးသက်ဇော်နိုင်က ပြောကြားသည်။ 

ကြိုးကြာခေါင်းနီများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်း၌လည်း မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေသော မျိုးစိတ်လည်းဖြစ်ရာ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွင် အကောင် ၂၀၀ မှ ၄၀၀ အကြား ကျန်ရှိနိုင်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

ယင်းကြောင့် ထိန်းသိမ်းရေးအတွက် ကြိုးကြာခေါင်းနီများကို သတ်ဖြတ်ခြင်းနှင့် ဥများကို စားသောက်ခြင်းတို့ မပြုလုပ်နိုင်ရန် ဒေသခံများကို အသိပညာပေးလျက်ရှိပြီး ဒေသခံများဘက်ကလည်း ပူးပေါင်းပါဝင်မှုရှိလာကြောင်း ဦးသက်ဇော်နိုင်က ပြောကြားသည်။ 

E-03



FOLLOW US