News

POST TAGGED AS

ဧရာဝတီ

ရန်ကုန်-ဒလ တံတား တည်ဆောက်ရန် ဒေသခံများ ဆန္ဒပြရန် စီစဉ်
ရန်ကုန်၊ ဇွန် ၃

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတားဖြစ်သော ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်ရန် ကြန့်ကြာနေမှုအပေါ် ဒေသခံများဆန္ဒပြရန် စီစဉ်နေကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုအောင်ဇေဟိန်းက ပြောကြားသည်။

ဇွန်လ ၃ ရက်က အဆိုပါတံတားတည်ဆောက်ရေး ကိစ္စနှင့်ပတ်သက်၍ ဒလမြို့ခံပြည်သူများ စုစည်းကာ ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက် မဟာသုမနာရာမ ကျောင်းတိုက်တွင် လူထုအစည်းအဝေးပြုလုပ်ခဲ့ပြီး ထိုသို့ တံတားတည်ဆောက်ရက် အချိန်အတိအကျသိရသည်အထိ ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်သည်။

“ဒီတံတားဆောက်ဖို့ စီမံကိန်းတွေလည်း ကျနေပြီး အခုထိလည်း အကောင်အထည်မဖော်သေးဘူး။ ကျွန်တော်တို့ ဘယ်နေ့ ဘယ်ရက်လောက်မှ စဆောက်မယ်ဆိုတဲ့ Time Frame ကျတဲ့အထိကို မရမချင်း ဆန္ဒဖော်ထုတ်မယ်။ ကျွန်တော်တို့ဒေသ ဖွံ့ ဖြိုးရေးအတွက် အစိုးရသိအောင် ဆန္ဒဖော်ထုတ်တာပါ”ဟု ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်နေ ကိုအောင်ဇေဟိန်းက ဆိုသည်။

ဇွန်လ ၁၇ ရက်တွင် ဒလမြို့နယ် ရာဇသင်္ကြန်ဘုရားကြီးမှစတင်ကာ ကျေးရွာအုပ်စုများတွင် လှည့်လည်၍ ချီတက်ဆန္ဒပြရန်စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး လုပ်ငန်းခွင်နှင့်မလွတ်ကင်းသည့် နေအိမ်၊ အဆောက်အအုံ၊ မြေကွက်၊ ဆိုင်ခန်းများနှင့် သမ္ဗန်ဆိပ်တို့ကို ဖယ်ရှားပြီးသောကြောင့် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင်စတင် တည်ဆောက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ဒလတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ခြံစည်းရိုး စတင်ကာရံ၍ တည်ဆောက်ရေးလုပ်ငန်းများကို စတင်သွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန်-ဒလမြစ်ကူးတံတားကို လေးလမ်းသွား၊ သံမဏိကြိုးဆိုင်း အမျိုးအစားနှင့် တံတားအရှည်မှာ ၆၁၄၄ ပေရှည်လျားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဒလတံတားစီမံကိန်းအတွက် တောင်ကိုရီယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကို ချေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းကို မြန်မာအစိုးရဘက်က စိုက်ထုတ်ကာ တည်ဆောက်သွားမည်ဖြစ်သည်။

J-18



FOLLOW US