News

POST TAGGED AS

ဧရာဝတီ

20-May-2018

မြစ် ဧရာဝတီ
ဆင်ပေါင်ဝဲရှိ ဧရာဝတီမြစ်အတွင်း ကျောက်စရစ်ထုတ်ခြင်းကို ကန့်ကွက်သည့် ရွာသားများအား အမှုဖွင့်


မကွေး၊ မေ ၁၉

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် လက်ပံကျေးရွာနှင့် မကျီးရင်း ကျေးရွာအနီးရှိ ဧရာဝတီမြစ်အတွင်း၌ ကျောက်စရစ် ထုတ်ယူနေသူများကို အော်ဟစ်ကန့်ကွက်ခဲ့ကြသည့် ရွာသူ/သားများကို မြစ်ကျောက်စရစ် လုပ်ငန်းပိုင်ရှင်က တရားစွဲဆိုခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ယခုနှစ် ဧပြီ ၁၈ ရက်နေ့က အဆိုပါ ကျေးရွာများအနီးရှိ ဧရာဝတီမြစ်အတွင်း ကျောက်ထုတ်ယူမှုများမလုပ်ရန် ဒေသခံ ၂၀၀ ကျော်က မြစ်ကမ်းဘေးမှ အော်ဟစ်ကန့်ကွက်မှုများအတွင်းမှ ဦးဆောင်သူ ၂ ဦး ကိုမြစ်ကျောက်စရစ် လုပ်ငန်းပိုင်ရှင်က တရားလိုပြုလုပ်ကာ ဆင်ပေါင်ဝဲမြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် ပ/၂၀ ရာဇသတ်ကြီး ပုဒ်မ ၂၉၄၊ ၅၀၆ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး မေလ ၂၃ ရက်နေ့တွင် မြို့နယ်တရားရုံး၌ အမှုစတင်စစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

ထိုသို့ ကျောက်စရစ် ထုတ်ယူနေမှုများကြောင့် မြေနုကျွန်းများနှင့် ကိုင်းမြေများပျက်စီးခြင်းတို့အပြင် ချောက်များဖြစ်ပေါ်လာပြီး ကမ်းပါးများပြိုကျမည်ကို ဒေသခံများက စိုးရိမ်ပူပန်သဖြင့် ယခုနှစ်အတွင်း သုံးကြိမ်အထိ ကန့်ကွက်ခဲ့ပြီး အစိုးရအဖွဲ့ထံသို့လည်း တိုင်ကြားထားကြောင်း လက်ပံကျေးရွာမှ ဦးသန်းထိုက်က ပြောကြားသည်။

“ချောက်ကြီးတွေဖြစ်လာတော့ ကမ်းပါးတွေပြိုကျမှာကို ရွာသူရွာသားတွေက စိုးရိမ်နေကြတယ်။ ဒါ့အပြင် လက်ပန်ကျေးရွာရဲ့ သမိုင်းဝင်ဆံတော်ရှင် မဟာပိန္နဲစေတီကြီးက ဘုရားပုထိုးသာသနိက အဆောက်အအုံတွေနဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းအပြင် အေးစေတီမြစ် ကမ်းပါးအနီးရှိနေတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ပျက်စီးဆုံးရှုံးမှာကိုမလိုလားဘူး။ ဒါကြောင့် လည်းကန့်ကွက်ရတာပါ”ဟု ၎င်းက ပြောဆိုသည်။

ရွာသားများ၏ တိုင်ကြားမှုနှင့်ပတ်သက်၍ ကျောက်စရစ်ထုတ်လုပ်ခြင်းကို စစ်ဆေးပြီးဖြစ်ပြီး ယင်းနေရာများတွင် ကုမ္ပဏီမှ သရက်ခရိုင်ထံမှ တရားဝင် လိုင်စင်ရယူလုပ်ကိုင်နေခြင်းဖြစ်ပြီး ကျောက်စရစ်တူးဖော်မှုမှာလည်း မကွေးတိုင်း အစိုးရအဖွဲ့ထံမှ တရားဝင်ခွင့်ပြုချက် မျှောစာရယူထားပြီးဖြစ်ကြောင်း မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတေဇာထွန်းက ပြောကြားသည်။

လွင်အေး



FOLLOW US