News

POST TAGGED AS

ဧရာဝတီ

မြောင်းမြကြိုးတံတားပေါ်မှ ပြုတ်ကျသေဆုံးသူနှစ်ဦးအတွက် သိန်း ၅၀ ကျော်ထောက်ပံ့

မြောင်းမြ၊ ဧပြီ ၂

ဧရာဝတီတိုင်း မြောင်းမြမြစ်ကူးတံတား ပြတ်ကျမှုတွင် ကုန်တင်ယာဉ်နှင့်အတူ ရေထဲပြုတ်ကျကာ သေဆုံးခဲ့သူ နှစ်ဦးအတွက် သေဆုံးခဲ့သူ၏ မိသားစုဝင်များကို အစိုးရက ဧပြီလ ၂ ရက် ညနေပိုင်းက မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် ကျပ်သိန်း ၅၀ ကျော် ထောက်ပံ့ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

“တိုင်းအစိုးရက ထောက်ပံ့တာရယ်၊ သဘာဝဘေး စီမံခန့်ခွဲမှုဦးစီးဌာန ထောက်ပံ့တာရယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထောက်ပံ့တာရယ် ပေးတာပါ၊ တစ်ယောက်ကို ၂၆ သိန်းလောက်စီ ပေးအပ်ခဲ့ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးသူက ပြောကြားသည်။

ယခုကဲ့သို့ ထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း၊ ၎င်းတွင် သားသမီး ၂ ဦးရှိသဖြင့် မည်သူကို အားကိုးရမှန်း မသိတော့ကြောင်း သေဆုံးသူယာဉ်မောင်း ကိုသန်းဇော်ထိုက် (၃၆ နှစ်)၏ဇနီး ဒေါ်ဥမ္မာစိုးက ပြောသည်။

ဧပြီလ ၁ရက် မြောင်းမြတံတား ပြတ်ကျချိန်တွင် ကုန်တင်ယာဉ်နှင့်အတူ မြစ်အတွင်း ပြုတ်ကျသေဆုံးခဲ့သော ယာဉ်မောင်း ကိုသန်းဇော်ထိုက် (၃၆ နှစ်)နှင့် ယာဉ်နောက်လိုက် ကိုဝင်းထိုက်အောင်(၁၆ နှစ်)မှာ ညီအစ်ကို တော်ပြီး လှိုင်သာယာမြို့တွင် နေထိုင်ကြောင်း၊ ယာဉ်နောက်လိုက်မှာ နဝမတန်း စာမေးပွဲကို ဖြေဆိုထားသူဖြစ်ကြောင်း သေဆုံးသူများ၏ အဒေါ်တော်စပ်သူ ဒေါ်တင်တင်ဝင်းက ပြောပြသည်။

သေဆုံးသူ ၂ ဦးကို တိုင်းဒေသကြီး အစိုးရအဖွဲ့က တစ်ဦးလျှင် ကျပ် ၃ သိန်း၊ သဘာဝဘေး စီမံခန့်ခွဲရေးဦးစီးဌာနမှ တစ်ဦးလျှင် ၃ သိန်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တစ်ဦးလျှင် သိန်း ၂၀ စီ ထောက်ပံ့ခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြောင်းမြမြစ်အတွင်း ပြုတ်ကျသေဆုံးသူ နှစ်ဦးအနက် ယာဉ်မောင်းကို ဧပြီလ ၁ ရက် ညနေပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့များက ဆယ်ယူရရှိခဲ့ပြီး ယာဉ်နောက်လိုက်ကို ရှာဖွေဆယ်ယူနေဆဲဖြစ်ကြောင်း မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-11



FOLLOW US