News

POST TAGGED AS

ဧရာဝတီ

ဗန်းမော်နှင့်မန္တလေးအကြား ဧရာဝတီလင်းပိုင်ကောင်ရေတိုး


မန္တလေး၊ ဖေဖော်ဝါရီ ၁၈

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မန္တလေးနှင့် ဗန်းမော်အကြားနေထိုင် ကျက်စားသည့် ဧရာဝတီလင်းပိုင် ယမန်နှစ်ကထက် ခုနစ်ကောင်တိုးလာကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကောက်ယူခဲ့သောစစ်တမ်းအရ လင်းပိုင် ၆၉ ကောင်သာတွေ့ရပြီး ယခုနှစ် ကောက်ယူခဲ့သောစာရင်းအရ ၇၆ ကောင် တွေ့ရှိထားကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လင်းပိုင်သေဆုံးမှုများရှိနေခြင်းနှင့် လင်းပိုင်သားပေါက်များတွေ့သည် ဟူသောသတင်းများကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီလ ၆ ရက်မှ ၁၇ ရက်နေ့ထိ စာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လင်းပိုင်စာရင်း ကောက်ယူခဲ့သည့်အပြင် ဒေသခံကျေးရွာများတွင် အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး တရားမဝင်ငါးဖမ်းဆီးသည့် လှေ ၁၇ စီးကိုလည်းဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ထံမှ ထပ်မံသိရသည်။ 

ဧရာဝတီလင်းပိုင်များသည် တရားမဝင် ဘက်ထရီလျှော့တိုက် ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းပိုက်များတွင် ငြိတွယ်ခြင်း၊ ရေယာဉ်ပန်ကာများ၏ ခုတ်ဖြတ်ခံရခြင်းများကြောင့် ၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း လင်းပိုင်သုံးကောင် သေဆုံးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

M-05



FOLLOW US