News

POST TAGGED AS

ဧရာဝတီ

မော်တင်စွန်းဘုရားပွဲ ဖွင့်မည့်နေ့တွင် ဇေကမ္ဘာက ထီးတော်သစ်တင်မည်
ပုသိမ်၊ ဇန်နဝါရီ ၁၄ 

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ ဆံတော်ရှင် မော်တင်စွန်းဘုရားပွဲတော် ဖွင့်ပွဲကျင်းပမည့် ဖေဖော်ဝါရီလ ၁ ရက် (တပို့တွဲလပြည့်ကျော် ၁ ရက်) တွင် ထီးတော်သစ် တင်လှူမည်ဖြစ်ကြောင်း ယင်းဘုရားပွဲတော် ကျင်းပရေးကော်မတီ ထံမှသိရသည်။

မူလရှိသော စေတီတော်ကို Steel Frame များနှင့် ရစ်ခွေကာ ရွှေတိဂုံစေတီတော်နှင့် ပုံစံတူမွမ်းမံပြုပြင်ထားပြီး ရွှေစတီးပြားများ ကပ်လှူထားကြောင်း၊ ယခင် ထီးတော်ဟောင်းရှိ လှူဒါန်းထားသည့် ရတနာများ ဌာပနာလုပ်ကာ ပူဇော်ထားမည်ဖြစ်ပြီး မူလထီးတော်အဟောင်းကို ပြတိုက်ပြုလုပ်၍ ပြသထားမည်ဖြစ်ကြောင်း ဘုရားပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌဖြစ်သော ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက The Voice သို့ ပြောသည်။ 

အဆိုပါ ထီးတော်ပြုလုပ်မှုကို ကျိုက်ထီးဆောင်းဆရာတော်က ကိုယ်တိုင်ကြီးကြပ်ကာ၊ အလှူရှင်က ဇေကမ္ဘာ ဦးခင်ရွှေဖြစ်ကြောင်း၊ တစ်လကြာသော ဘုရားပွဲတော်ကာလအတွင်း ဇာတ်၊ အငြိမ့်၊ စတိတ်ရှိုး အခမဲ့ပြသမည်ဖြစ်ပြီး ထီးတော်တင်မည့်ရက်တွင် ဘုရားဖူးပရိသတ်ကို သက်သတ်လွတ်ထမင်း ကျွေးမွေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

စေတီတော်မှာ ရှေးဟောင်း စေတီတော်ဖြစ်သောကြောင့် မူလစေတီကိုငုံကာ စေတီတော်အသစ် ပြောင်းလဲပြင်ဆင်ခြင်းကြောင့် ရှေးမူလက်ရာ ပျောက်ပျက်ကာ စေတီတော်ကြီး၏ သမိုင်းမှတ်တမ်း တိမ်းစောင်းမည်ကို စိုးရိမ်ကြောင်း ပုသိမ်မြို့နှင့် ငပုတောမြို့နယ်ရှိ ဒေသခံ လူမှုရေး၊ ဘာသာရေး တက်ကြွလှုပ်ရှားသူ အချို့က ဆိုသည်။ 

ရာသီဥတုဒဏ်ကြောင့် ရင်ပြင်တော်တံတိုင်းများ နိမ့်ကျအက်ကွဲခြင်း၊ ထီးတော် သံချေးတက်ခြင်းများ ဖြစ်ပေါ်နေသောကြောင့် ဘုရားဖူးများ ကြည်ညိုသဒ္ဓါထက်သန်စေရန် ရည်ရွယ်ကာ မော်တင်စွန်းစေတီတော်ကြီး ပြုပြင်မွမ်းမံခြင်းကို တစ်ဦးတည်း တာဝန်ယူလှူဒါန်းရန် ဇေကမ္ဘာဦးခင်ရွှေက ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းကမ်းလှမ်းမှုကို စေတီတော်ကြီး၏ ဩဝါဒါစရိယ ဆရာတော်များ၊ တိုင်းဒေသကြီး သံဃနာယက ဆရာတော်များ၊ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်များ၏ ဩဝါဒကိုခံယူကာ သာသနာရေးဝန်ကြီးဌာနထံတင်ပြပြီး ဆောင်ရွက်ခဲ့ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။ 

စေတီတော်ကြီးမှာ နှစ်ပေါင်း ၂၅၀၀ ကျော် သက်တမ်းရှိပြီး ဂေါတမမြတ်စွာဘုရား၏ ဆံတော်စစ်စစ်ကို ဌာပနာပြုလုပ်ကာ တည်ထားသည့် စေတီတော် ဖြစ်ကြောင်း၊ မူလပထမက ထုံးသင်္ကန်း ကပ်လှူထားသည့် စေတီတော်မှ အလှူရှင်အဆက်ဆက်တို့၏ သဒ္ဓါစိတ်ကြောင့် မှန်သင်္ကန်းစေတီ ဖြစ်လာကြောင်း၊ ထို့နောက် ရွှေသင်္ကန်းကပ်လှူသည့်စေတီ ဖြစ်လာကာ ယခုအခါ အလှူရှင်၏ သဒ္ဓါအားကြောင့် ရွှေတိဂုံစေတီတော်ပုံစံအဖြစ် ရွှေစတီးပြား ကပ်လှူထားသည့် မြတ်မော်တင်စွန်း စေတီတော်ဖြစ်ကြောင်း ယင်းစေတီ၏ ဂေါပကအဖွဲ့ထံမှ သိရသည်။ 

R-12



FOLLOW US