News

POST TAGGED AS

ဧရာဝတီ

14-Jan-2018

ဧရာဝတီ
ဧရာဝတီတွင် သဘာဝဘေး ခိုလှုံနိုင်သော အဆောက်အအုံ ၅၇ လုံးဆောက်မည်
ပုသိမ်၊ ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းတွင် သဘာဝဘေးဒဏ် အမျိုးမျိုးနှင့် တွေ့ကြုံရပါက ခိုလှုံနိုင်ရန်အတွက် သဘာဝဘေးဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) ၅၇ လုံးကို တည်ဆောက်မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနရုံးထံမှ သိရသည်။ 

အဆိုပါ အဆောက်အအုံများကို ပြင်စလူမြို့နယ်တွင် ၁၅လုံး၊ ဟိုင်းကြီးကျွန်းမြို့နယ်တွင် ၆ လုံး၊ ငပုတောမြို့နယ်တွင် ၃ လုံး၊ ဖျာပုံမြို့နယ်တွင် ၅ လုံး၊ ဒေးဒရဲမြို့နယ်တွင် ၅ လုံး၊ ဘိုကလေးမြို့နယ်တွင် ၁၀ လုံး၊ ပုသိမ်မြို့နယ်တွင် ၁ လုံး၊ သာပေါင်းမြို့နယ်တွင် ၂ လုံး၊ ရေကြည် မြို့နယ်တွင် ၅ လုံး၊ ကျောင်းကုန်းမြို့နယ်တွင် ၁ လုံး၊ လပွတ္တာမြို့နယ်တွင် ၂ လုံးနှင့် မော်လမြိုင်ကျွန်းမြို့နယ်တွင် ၁လုံး စုစုပေါင်း Cyclone Shelter ၅၇ လုံးကို ဆောက်လုပ်မည်ဖြစ်သည်။ 

လတ်တလောတွင် အဆောက်အအုံ လေးလုံး ဆောက်လုပ်နေပြီး ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးနှင့် တတိယဦးစားပေးစသည်ဖြင့် အပိုင်းသုံးပိုင်း ခွဲခြားကာ ဆောင်ရွက်နိုင်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု သဘာဝဘေးဒဏ်စီမံခန့်ခွဲမှု ဗဟိုကော်မတီသို့ တောင်းခံ ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေး ဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးစိုးသန်းက ရှင်းပြသည်။

“တကယ် လိုအပ်တဲ့ အဆောက်အအုံတွေ ဖြစ်တဲ့အတွက် မဖြစ်မနေ တည်ဆောက်ရမှာပါ၊ ဒုသမ္မတရဲ့ ပြည်ထောင်စု သဘာဝ ဘေးဒဏ်စီမံခန့်ခွဲမှု ရန်ပုံငွေနဲ့ တည်ဆောက်တာပါ။ ၂၀၀၈ ခုနှစ်က တိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကို နမူနာယူပြီး အဲ့ဒီလိုမျိုး သဘာဝဘေးဒဏ်တွေ ကျရောက်လာတဲ့အခါမှာ ပြည်သူတွေ ခိုလှုံဖို့ အဆင်သင့်ရှိအောင်ပါ”ဟု ၎င်းကရှင်းပြသည်။ 

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က ခိုလှုံရန် အဆောက်အအုံများ အခိုင်အမာ မရှိခြင်း မိုးလေဝသ သတင်းများ မကြားသိခဲ့ခြင်း၊ ပြေးရှောင်ကာကွယ်ရမည်ကိုမသိခြင်း၊ ကုန်းလမ်းခရီးများ မကောင်းမွန်ခြင်းတို့ကြောင့် မိမိဆွေမျိုးများ သေဆုံးခဲ့ရကြောင်း လပွတ္တာမြို့ သုံးမိုင်ရှိ ဒေသခံ ဦးတင်အောင်ကဆိုသည်။

အဆောက်အအုံများ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၄၂၀၀ ရှိသော လူဦး ၅၀၀ ခိုလှုံနိုင်သည့် အမိုးအခင်းပါ သုံးထပ် ကွန်ကရစ် အဆောက်အအုံများ ဖြစ်ကြောင်း မြန်မာနိုင်ငံအနှံ့ တည်ဆောက်မည့် Cyclone Shelter အဆောက်အအုံပေါင်း ၈၃ လုံးရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ၂၆ လုံး၊ ချင်းပြည်နယ်တွင် ၂ လုံး၊ ရှမ်းပြည်နယ်တွင် ၁ လုံး၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၅၇ လုံး တည်ဆောက်မည်ဖြစ်ရာ အများဆုံးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။ 

R-12



FOLLOW US