News

POST TAGGED AS

ဧရာဝတီ

09-Jan-2018

ဝန်ကြီး ဧရာဝတီ
ဧရာဝတီတိုင်းဝန်ကြီးချုပ် နုတ်ထွက်ရန် NLD ပါတီ ဖိအားပေးခြင်းမရှိဟုဆို
ပုသိမ်၊ ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ရာထူးမှ နုတ်ထွက်ပေးရန် NLD ပါတီမှဖိအားပေးဆောင်ရွက်ခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၏ လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ စစ်ဆေးအဖွဲ့ (ဗဟို) အတွင်းရေးမှူးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာမျိုးညွန့်က ပြောကြားသည်။ 

တိုင်းဒေသကြီးဝန်ကြီးချုပ်အချို့ ၁၀ ရက်အတွင်း နုတ်ထွက်ပေးရန် ပါတီက ညွှန်ကြားထားသည်ဟု သတင်းစာအချို့နှင့် လူမှုကွန်ရက်တို့တွင် ဖော်ပြရေးသားမှုနှင့် ပတ်သက်၍ ၎င်းက ဇန်နဝါရီလ ၈ ရက်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“ဒီလိုကိစ္စမျိုးက အုပ်ချုပ်ရေးအဖွဲ့နဲ့ သက်ဆိုင်ပါတယ်၊ ကျွန်တော်တို့ ညွှန်ကြားတယ်ဆိုတာ မဟုတ်ပါဘူး။ ပြည်ထောင်စုအစိုးရက လုပ်ရမယ့်ကိစ္စပါ၊ ကျွန်တော်တို့နဲ့ မသက်ဆိုင်ဘူး။ ကာယကံရှင်က နုတ်ထွက်စာတင်သလား ဒါဆို ကာယကံရှင်ကို မေးပါလို့ပြောခဲ့ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က  The Voice သို့ ပြောကြားသည်။ 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီမှာ လက်ရှိတွင် အူရောင်ငန်းဖျားရောဂါ ဖြစ်နေသဖြင့် ဆေးကူသမှုခံယူနေရကြောင်း၊ ၎င်းကို တစ်ဦးတစ်ယောက်ကသော်လည်းကောင်း၊ NLD ပါတီကသော်လည်းကောင်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရန် လမ်းညွှန်ခြင်းမရှိသကဲ့သို့ ဝန်ကြီးချုပ် မန်းဂျော်နီအနေနှင့်လည်း ရာထူးမှ နုတ်ထွက်စာတင်မှု မရှိသေးကြောင်း ဝန်ကြီးချုပ်၏ အနီးကပ်ရှိနေသူက ပြောသည်။

“ပါတီက နုတ်ထွက်ခိုင်းစရာ အကြောင်းမရှိဘူး၊ နုတ်ထွက်ခိုင်းရအောင် ဝန်ကြီးချုပ်ကြီးမှာ ဘာအပြစ်ရှိနေသလဲ၊ ဧရာဝတီတိုင်း အစိုးရက တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်နေတဲ့ အစိုးရမဟုတ်ဘူး၊ အစိုးရအဖွဲ့ဝင်အားလုံး ဝိုင်းဆုံးဖြတ် တာဝန်ခွဲဝေလုပ်နေတာမျိုးပါ”ဟု ၎င်းက ပြောဆို သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် ဇန်နဝါရီလ ၂ရက်က နိုင်ငံတော်သမ္မတရုံးထံ တင်ပြခဲ့သည်။

R-12



FOLLOW US