News

POST TAGGED AS

ဧရာဝတီ

08-Jan-2018

ဧရာဝတီ ဘဏ်
အကြွေးဝယ်ကတ်သုံးပြီး ငွေပြန်မသွင်းသူများကို ဧရာဝတီဘဏ် သတိပေး
ရန်ကုန်၊ ဇန်နဝါရီ ၈

ဧရာဝတီဘဏ်က ထုတ်ပေးသည့် အကြွေးဝယ်ကတ် (Credit Card) သုံးစွဲပြီး ငွေ လုံးဝ ပြန်မသွင်းသူများသည် ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ငွေပြန်သွင်းရန် ယင်းဘဏ်က သတိပေးချက် ထုတ်ပြန်သည်။

အကယ်၍ ယင်းနေ့အထိငွေ ပြန်မဆပ်ပါက အမည်နှင့် မှတ်ပုံတင်နံပါတ်များကို ထုတ်ပြန်ကာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ Credit Card သုံးစွဲသူသည် ဘဏ်က သတ်မှတ်ထားသည့် ငွေ ပမာဏ အနည်းဆုံးကို ရက်ပေါင်း ၂၀ အတွင်း ပြန်လည် ထည့်သွင်းပေးရပြီး ယင်းရက်အတွင်း မထည့်ပေးနိုင်ပါက နောက်ကျကြေးနှင့် ဘဏ်ကတ်ထဲသို့ ငွေပြန်ထည့်နိုင်ကြောင်း၊ ယခုကြေညာသူများသည် လုံးဝ ငွေမသွင်းသူများဖြစ်ကြောင်း ယင်းဘဏ်၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“သူတို့ဆီ သတိပေးစာ နှစ်ကြိမ်တောင် ပို့ထားပါတယ်။ ပိုက်ဆံထုတ်ပြီး လေးလ၊ ငါးလဆက်တိုက် အကြောင်းမပြန်တာကို ဒီလ နောက်ဆုံးထားပြီး ပိုက်ဆံသွင်းဖို့ သတိပေးတာပါ။ မဆက်ဘူးဆိုရင် ဥပဒေအရပဲ ဆက်ပြီးလုပ်မှာပါ”ဟု ၎င်းကဆိုသည်။

ဧရာဝတီဘဏ်က တရုတ်နိုင်ငံ အခြေစိုက် ကတ်ကုမ္ပဏီတစ်ခုဖြစ်သည့် UPI နှင့် Visa ကတ်ကုမ္ပဏီများနှင့် ပူးပေါင်း၍ အကြွေးဝယ်ကတ်များကို ထုတ်ထားပြီး Silver, Gold နှင့် Platinum ဟူသည့် ကတ်အမျိုးအစား သုံးမျိုးခွဲခြားထားကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။

သို့သော် အများစုမှာ ဝင်ငွေ၏တစ်ဆသာ (လစဉ် ဝင်ငွေအတိုင်း) ချေးငွေရသည့် Silver ကတ်များကို သုံးစွဲကြကြောင်း ယင်းဘဏ်၏ အကြွေးဝယ်ကတ် သုံးစွဲသူများထံမှ သိရသည်။

“ကတ်ထဲကငွေထုတ်ပြီး နောက်ကျကြေးနဲ့ ငွေပြန်ထည့်ပါတယ်။ အများကြီး ထည့်စရာ မလိုပါဘူး။ တစ်ခါထည့် လေးသောင်း၊ ငါးသောင်းပါပဲ။ ကျွန်တော်တို့လည်း လတိုင်း မထည့်ဘူး။ ပျက်တဲ့လတွေလည်း ရှိတယ်။ အခုက လုံးဝ မထည့်သူတွေပဲ ပြောတာ”ဟု ဧရာဝတီဘဏ်ကတ်သုံးစွဲသူ ဦးစိုးမိုးအောင်က ပြောကြားသည်။

အကြွေးဝယ်ကတ် သုံးစွဲသူသည် တစ်လခွဲအတွင်း ငွေရင်းပြန်ဆပ်ပါက အတိုးပေးရန် မလိုကြောင်း၊ ယင်းကာလအတွင်း ပြန်မဆပ်ပါက အတိုးနှင့်တကွ ငွေပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း၊ UPI နှင့်ပူးပေါင်း၍ အကြွေးဝယ်ကတ်ကို ခန့်မှန်းခြေ ကတ်ငါးသောင်းနီးပါး ထုတ်ထားကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။

J-13



FOLLOW US