News

POST TAGGED AS

ဧရာဝတီ

03-Jan-2018

ဝန်ကြီး ဧရာဝတီ
ဧရာဝတီတိုင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးဘဟိန်း နုတ်ထွက်စာတင်

ပုသိမ်၊ ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းသည် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဝန်ကြီးတာဝန်မှ နုတ်ထွက်ခွင့်ပြုရန် နိုင်ငံတော်သမ္မတရုံးထံ တင်ပြထားကြောင်း ၎င်းထံမှ သိရသည်။ 

“ဘာဖိအားပေးမှုမှ မရှိပါဘူး၊ လုပ်ငန်းတာဝန်တွေက များတယ်၊ နောက်ပြီး ကျန်းမာရေးအခြေအနေကလည်း မကောင်းတော့ တာဝန်မကျေမှာစိုးလို့ နုတ်ထွက်စာ တင်လိုက်တာပါ” ဟု ဝန်ကြီး ဦးဘဟိန်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အသက် ၇၀ နှစ်ဝန်းကျင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း နုတ်ထွက်စာတင်မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဝန်ကြီးသည် ရိုးသားခြင်း၊ ပြည်သူဘက်က ရပ်တည်ခြင်း၊ ပညာရှင်လည်းဖြစ်သောကြောင့် နုတ်ထွက်မည်ကို စိတ်မကောင်းဖြစ်ရကြောင်းပြောသည်။ 

“တစ်ဖက်က ပြန်ကြည့်ရင်လည်း သူတာဝန်ယူရတဲ့ ဌာနတွေကများတယ်၊ အသက်ကလည်း ကြီးလာပြီဆိုတော့ သူသိပ်ပြီးတော့ မထိန်းနိုင်လောက်ဘူးလို့ထင်တယ်၊ သူ့ကိုစွန့်လွှတ်လိုက်ရလို့ စိတ်မကောင်းဖြစ်ရပေမယ့် နောက်လာမယ့်ဝန်ကြီးက သူ့လိုပဲ၊ ဒါမှမဟုတ် သူ့ထက်ပိုပြီး အစွမ်းထက်တဲ့သူ ဖြစ်မယ်ဆိုရင်တော့ တိုင်းဒေသကြီးအတွက်ရော၊ သူ့ကို စွန့်လိုက်ရတဲ့အတွက်ရော တန်တယ်လို့ပြောရမှာပေါ့” ဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက မှတ်ချက်ပေးသည်။

ယခင်က စိုက်ပျိုးဆည်မြောင်း ပြည်ထောင်စုဒုဝန်ကြီးတစ်ဦး နုတ်ထွက်သွားခဲ့ကြောင်း၊ ယခုလည်း ဧရာဝတီမှ စိုက်ပျိုးရေးမွေးမြူရေးဝန်ကြီး နုတ်ထွက်စာတင်သည်ဟု ကြားသိရကြောင်း၊ ယခု အစိုးရလက်ထက်တွင် ပညာရှင်ဝန်ကြီးများ နုတ်ထွက်စာတင်နေကြသည်ကို တွေ့ရသဖြင့် စိတ်မကောင်းကြကြောင်း၊ ဧရာဝတီအစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းစဉ်က ပညာရှင်အများစုဖြင့် ဖွဲ့စည်းခဲ့သဖြင့် အားရကျေနပ်ခဲ့သော်လည်း ယနေ့အချိန်တွင် စိတ်ပျက်နေရကြောင်း ပုသိမ်မြို့မှ နိုင်ငံရေးပါတီဝင်အချို့က ဝေဖန်သည်။ 

ဝန်ကြီးဦးဘဟိန်းသည် စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်အရွေးခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရဖွဲ့စည်းရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ပေးခြင်းခံခဲ့ရကြောင်း၊ ၎င်းတာဝန်ယူရသော ဝန်ကြီးဌာနလက်အောက်တွင် ဦးစီးဌာနနှင့် အဖွဲ့အစည်း ၁၇ ခုရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

R-11



FOLLOW US