News

POST TAGGED AS

ဧရာဝတီ

20-Dec-2017

ဧရာဝတီ
တရားမဝင် ငွေကြေးအဖွဲ့အစည်းများကို အရေးယူမည်ဟု ဧရာဝတီတိုင်းအစိုးရပြော
ပုသိမ်၊ ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းရှိ ကျေးရွာများတွင် ချေးငွေရရှိမည်ဟုဆိုကာ လိမ်လည် ငွေကြေးကောက်ခံနေသော တရားမဝင်အဖွဲ့များကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၉ရက်က ပြုလုပ်သော တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်း၏ မေးခွန်းကို ဝန်ကြီးက အထက်ပါအတိုင်း ပြောသည်။ 

အသေးစားငွေရေးကြေးရေး ဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်ထုတ်ပေးထားသော ကုမ္ပဏီနှင့် အဖွဲ့အစည်းများကိုသာ ငွေချေးခွင့်ပြုထားကြောင်း၊ သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်၊ ကျေးရွာများတွင်  ငွေချေးခြင်း လုပ်ငန်းဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများထံ ခွင့်ပြုချက် ရယူပြီးမှသာ လုပ်ငန်းဆောင်ရွက်ခွင့် ရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောကြားသည်။ “တောင်သူလယ်သမားတွေကို ငွေထုတ်ချေးမယ်လို့ မရိုးဖြောင့်တဲ့သဘောနဲ့ လိမ်လည်ပြောဆိုမယ်၊ ငွေကြေးလိမ်လည် ကောက်ခံမယ်ဆိုရင် အမှုဖွင့်တိုင်ကြားနိုင်ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားပါတယ်” ဟု ၎င်းက ဆိုသည်။

တရားမဝင် အဖွဲ့အစည်းများ၊ လိုင်စင်ရယူထားခြင်းမရှိသော အဖွဲ့အစည်းများမှ တောင်သူများကို ငွေထုတ်ချေးမည်ဟု မရိုးဖြောင့်သောသဘောဖြင့် လိမ်လည်ပြောဆိုကာ ငွေကြေး လိမ်လည်ကောက်ခံခြင်း ဖြစ်ပါက ရာဇသတ်ကြီး ပုဒ်မ-၄၂၀ လိမ်လည်မှု၊ ပုဒ်မ-၄၆၈ စာရွက်စာတမ်း အတုပြုလုပ်မှုတို့ဖြင့် အမှုဖွင့်တိုင်ကြားနိုင်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။ 

အဆိုပါ တရားမဝင်ငွေကြေးအဖွဲ့က ကန်ကြီးထောင့်မြို့နယ်ရှိ ကျေးရွာအချို့ရှိ တောင်သူများကို အသင်းဝင်အဖြစ် စည်းရုံးပြီး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ကာ ချေးငွေရရှိရေး ဆောင်ရွက်ပေးမည်ဟု လိမ်လည်ပြောဆိုကြောင်း၊ အသင်းဝင်အဖြစ် ဝင်ရောက်ပါက တစ်ဧကလျှင် ကျပ် ၅ သိန်း ထုတ်ချေးမည်ဖြစ်ပြီး ချေးငွေပြန်ဆပ်ရန် ၃နှစ် ဆိုင်းငံ့ထားကြောင်း၊ အတိုးကို ၁ ကျပ်ခွဲနှုန်းသတ်မှတ်ပြီး လယ်ပိုင်ဆိုင်မှု အထောက်အထားများ ပေးရမည်ဖြစ်ပြီး ဝန်ဆောင်ခ ကျပ်ငါးထောင် တောင်းခံကြောင်း ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက ပြောသည်။ 

“ဒီလိုဖြစ်စဉ်တွေက ဧရာဝတီတိုင်းထဲက ကျေးရွာတော်တော်များများမှာ ဖြစ်ပေါ်နေတယ်လို့ သိရတယ်၊  တောင်သူတွေအနေနဲ့ နူရာဝဲစွဲ လဲရာသူခိုးထောင်း၊ မြေနိမ့်ရာလှံစိုက် ဖြစ်စဉ်မျိုးတွေ ပေါ်ပေါက်နေတဲ့အတွက် တောင်သူလယ်သမားများအပေါ် မဟုတ်မမှန်လုပ်ကြံကာ ချေးငွေများကို ထုတ်ချေးပေးမည်လို့ အကြောင်းပြ ငွေကြေးတောင်းခံနေတဲ့ အဖွဲ့အစည်းတွေကို အရေးယူပေးဖို့ ဒီမေးခွန်းကို မေးမြန်းခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။ 

ဧရာဝတီတိုင်းတွင် အသေးစား ငွေရေးကြေးရေးလုပ်ငန်း လိုင်စင်ရအဖွဲ့အစည်း ၃၂ ခုရှိပြီး ၂၆ မြို့နယ်၊ ရပ်ကွက် ၂၃၈ ခု၊ ကျေးရွာပေါင်း ၆၂၄၉ ရွာ၊ အသင်းဝင် လေးသိန်းကိုးသောင်းကျော်အတွက် ချေးငွေများ ဆောင်ရွက်ပေးနေကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးရုံးမှ သိရသည်။ 

R-11

  • VIA


FOLLOW US