POST TAGGED AS

ဧရာဝတီ

ဧရာဝတီမြစ်အတွင်း လင်းပိုင်သားပေါက် နှစ်ကောင်ထပ်တွေ့

မန္တလေး၊ အောက်တိုဘာ ၂၃

ဧရာဝတီလင်းပိုင်များ ကျက်စားရာ နယ်မြေဖြစ်သော မန္တလေးတိုင်း မင်းကွန်းဒေသမှ ကချင်ပြည်နယ် ဗန်းမော်မြို့ထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် လင်းပိုင်သားပေါက် နှစ်ကောင် ထပ်မံ တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ တိုးချဲ့နိုင်ရန် ဒုတိယအကြိမ်မြောက် လူထုစစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကို အောက်တိုဘာ ၁၀ ရက်နေ့က စတင် ပြုလုပ်ခဲ့ကြောင်း၊ လူထုစစ်တမ်း ကောက်ယူခြင်းနှင့်အတူ လင်းပိုင်ကောင်ရေ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကိုပါ လုပ်ဆောင်ခဲ့ရာမှ အသက်နှစ်လမှ သုံးလအတွင်း ရှိမည်ဟု ခန့်မှန်းရသော လင်းပိုင်သား ပေါက်နှစ်ကောင် ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ဦးဟန်ဝင်းက ပြောကြားသည်။

စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကို သားငှက်ထိန်းသိမ်းရေးအဖွဲ့၊ လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့၊ ကချင်၊ စစ်ကိုင်း၊ မန္တလေးတိုင်းတို့မှ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရရှိလာသည့်အချက်များကို စုစည်း၍ အစီရင်ခံစာ ရေးသားကာ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဟု မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ဩဂုတ်လအတွင်းက လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း အသက်သုံးလခန့်အရွယ် လင်းပိုင်တစ်ကောင် တွေ့ရှိခဲ့ပြီး ယခု ထီးချိုင့်မြို့အနီးနှင့် ကသာမြို့အနီးတွင် တစ်ကောင်စီ ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဇွန်လအတွင်းခရီးစဉ်၌ လင်းပိုင်ကောင်ရေ ၆၉ ကောင်ခန့် တွေ့ရှိခဲ့ရသော်လည်း ယခုခရီးစဉ်တွင် ဧရာဝတီမြစ်ရေ တိုးနေသောကြောင့် လင်းပိုင်ကောင်ရေ ၆၀ ခန့်သာ တွေ့ရကြောင်း ဦးဟန်ဝင်းက ထပ်လောင်း ပြောကြားသည်။

မန္တလေးမြို့ နန်းတော်ကျွန်းကျေးရွာအနီးမှ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့ ရေတော်ဘုရားအထိ ဧရာဝတီမြစ်ပိုင်းကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေအဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက သတ်မှတ်ခဲ့ပြီး ထိန်းသိမ်းရေး လုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့က ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။        

M-05



FOLLOW US