News

POST TAGGED AS

ဧရာဝတီ

သတင်းသမားများ ကာကွယ်ရေး ကော်မတီ၏ ဦးတိုက် လျှောက်ထားမှု ပယ်ချခံရ
ရန်ကုန်၊ ဇူလိုင် ၂၀ 

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ် စိုးမြင့်အောင်နှင့် ဗဟန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းတို့အပေါ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူပေးရန် ဦးတိုက် လျှောက်ထား တရားစွဲဆိုမှုကို ဗဟန်း မြို့နယ်တရားရုံးက ဇူလိုင်လ ၂၀ ရက်နေ့တွင် ပယ်ချခဲ့ကြောင်း မြန်မာသတင်းများ ကာကွယ်ရေး ကော်မတီထံမှ သိရသည်။

ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းက ဆက်သွယ်ရေး ဥပေဒ ၆၆ (ဃ) ဖြင့် အမှုရင်ဆိုင်နေရသော The Voice Daily သတင်းစာနှင့် The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဗဟန်းမြို့နယ် တရားရုံးသို့ ရုံးထုတ် စစ်ဆေးအပြီးတွင် ရွှေဂုံတိုင် ခုံးတံတားအောက်၌ သတင်းသမားများ ဖြစ်သည့် မသူဇာ(7 Days TV)၊ မကေဇွန်နွေး (MCN)၊ ကိုလင်းဆက်အောင် (DVB)၊ ကိုမိုးမြင့်(ဧရာဝတီ)၊ ကိုရဲလင်းထွန်း၊ ကိုအောင်စိုး (The Voice Daily) တို့ကို လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံ၊ ဗီဒီယိုများ နောက်ယောင်ခံ ရိုက်ကူးနေသည်ကို တွေ့ရှိသောကြောင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူပေးရန် ဗဟန်း ရဲစခန်းသို့ တိုင်ကြားရာ ဗဟန်း မြို့မရဲစခန်းမှူးက ဥပဒေကြောင်းအရ ငြိစွန်းခြင်း မရှိဟုဆိုကာ တရားရုံးသို့ ဦးတိုက် လျှောက်ထားရန် အကြောင်း ပြန်ကြားခဲ့ရာ မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီက တပ်ကြပ် စိုးမြင့်အောင်အပြင် ဗဟန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းကိုပါ ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဗဟန်းမြို့နယ် တရားသူကြီး၏ မှတ်ချက်ပေး အကြောင်းပြန်ကြားစာတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုချက်များအရ စွပ်စွဲခံရသူ တပ်ကြပ် စိုးမြင့်အောင်ကို ဥပဒေအရ အရေးယူပေးရန် ဗဟန်း ရဲစခန်းသို့ ဦးစွာ တိုင်တန်းဆောင်ရွက်ပြီဖြစ်ကြောင်း သိရှိရပြီး ယခုတိုင် လျှောက်လွှာအား စိစစ်ကြည့်ရာတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၈ ပါ တားမြစ်ချက်များနှင့် ငြိစွန်းဖွယ်ရှိကြောင်းကိုလည်းကောင်း၊ အခြားပြစ်မှု တစ်စုံတစ်ရာအရ ငြိစွန်းဖွယ် ရှိကြောင်းကိုလည်း ဖော်ပြတိုင်တန်းထားသည်ကို မတွေ့ရှိရသဖြင့် ဦးတိုက်လျှောက်လွှာအား ပြန်ပေးသည်ဟု အကြောင်းပြန်ကြားခဲ့သည်။

ဗဟန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းအား ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ဗဟန်းမြို့နယ် တရားသူကြီးက ပြန်ကြားရာတွင် စွပ်စွဲခံရသူ ဒုရဲမှူး အေးမင်းသိန်းသည် ဥပဒေနှင့်အညီ ၎င်း၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း တွေ့ရှိရပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေပါ တာဝန်ကို ထမ်းဆောင်ရန် အကြောင်းမဲ့ ပျက်ကွက်ကြောင်း မတွေ့ရှိဟုဆိုကာ ဦးတိုက်လျှောက်လွာကို လက်ခံခြင်း မရှိခဲ့ပေ။

ဗဟန်းမြို့နယ် တရားသူကြီး ဒေါ်သရဖီအောင်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေသည် ဥပဒေသစ်ဖြစ်ပြီး ကိုးကားစရာ စီရင်ထုံးလည်း မရှိသေးကြောင်း၊ တပ်ကြပ် စိုးမြင့်အောင်နှင့် ဒုရဲမှူး အေးမင်းသိန်းတို့သည် ဥပဒေနှင့် ငြိစွန်းဖွယ်မရှိသဖြင့် ဦးတိုက်လျှောက်လွှာကို ပြန်လည် ပေးအပ်ကြောင်း ပြောဆိုသည်ဟု မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ရာဇဝတ်ကျင့်ထုံး ၂၀ဝ ကို ဖောက်ဖျက်တဲ့အတွက် ဒေါ်သရဖီအောင်ကို  ခရိုင်တရားသူကြီးဆီကို ပထမအဆင့် တိုင်ကြားမယ်”ဟု သတင်းသမား ကာကွယ်ရေး ကော်မတီ အဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောကြားသည်။

တပ်ကြပ် စိုးမြင့်အောင်နှင့် ဒုရဲမှူး အေးမင်းသိန်းတို့ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူနိုင်ရေး ခရိုင်တရားရုံးသို့  ပြင်ဆင်မှုတက်ခြင်း သို့မဟုတ် ထပ်မံ ဦးတိုက် လျှောက်ထားခြင်းကို ဥပဒေ ပညာရှင်များနှင့် တိုင်ပင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုသာလွန်ဇောင်းထက်က အတည်ပြု ပြောကြားသည်။

J-16



FOLLOW US