News

POST TAGGED AS

ဧရာဝတီတိုင်း

ကနီလွှတ်တော်ကိုယ်စားလှယ်ပါသည့်အဖွဲ့ကို ရန်ပြုခဲ့သူ ၇ ဦးကို အမှုဖွင့်
မုံရွာ၊ စက်တင်ဘာ ၁

တရားမဝင် သစ်ဖောင်များကို လိုက်လံစစ်ဆေးသည့် ကနီမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီမှ ဝန်ထမ်းများ ပါဝင်သည့်အဖွဲ့ကို ရန်ပြုခဲ့သူ ၇ ဦးကို စက်တင်ဘာလ ၁ ရက်နေ့က အမှုဖွင့်ထားကြောင်း ကနီမြို့မရဲစခန်းထံမှ သိရသည်။ 

၎င်းတို့ ၇ ဦးကို တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအားနှောင့်ယှက်မှုအပြင် လေးခွဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း အဆိုပါစခန်းထံမှ သိရသည်။

ပြီးခဲ့သည့်ဩဂုတ်လ၂၅ ရက်နေ့က ချင်းတွင်းမြစ်အတွင်း တရားမဝင် သစ်သယ်ဆောင်လာသည့် သစ်ဖောင်သတင်းရ၍ ကနီရ-စ-က အဖွဲ့ဝင်များနှင့် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းတွင် ဝါးဖောင်တစ်စင်းကို စစ်ဆေးနေစဉ် လူ ၈ ဦးပါသည့် စက်လှေတစ်စင်းက အဆိုပါသစ်ဖောင်ကို ငွေကြေးတောင်းခံကြောင်း၊ မိမိတို့စက်လှေကိုမြင် သွားသည့်အခါ ပြန်လှည့်သွားပြီးနောက် ထပ်စက်လှေတစ်စင်းနှင့်အတူ မိမိတို့စက် လှေကိုလိုက်လံ၍ လေးခွဖြင့်ပစ်ခတ်ခြင်း၊ ကနီဆိပ်ကမ်းတွင် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်၍ ရန်ပြုရန်ကြိုးစားသဖြင့် မိမိအပါအဝင်အဖွဲ့ဝင်ငါးဦးမှာ ကနီဆိပ်ကမ်းသို့ မကပ်ဝံ့သဖြင့် မြစ်အတွင်း စုန်ဆင်းကာ ကနဲရွာတွင်သောင်တင်နေ သဖြင့် ကနီမြို့နယ်ရဲတပ်ဖွဲ့မှူးအကူအညီ ခေါ်ယူ၍ပြန်လာရကြောင်း ယင်းဖြစ်စဉ်တွင်ပါဝင်သည့် ကနီမြို့နယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

“ကျွန်တော်တို့သာ ကနီဆိပ်ကမ်း ကိုကပ်မယ်ဆို ကျွန်တော်တို့ သတ်ဖြတ်တာ ခံရနိုင်တယ်”ဟု ၎င်းကပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကနီမြို့ ရ-စ-ကအဖွဲ့ဝင် ဦးဇော်လင်း ၄၂ နှစ်ကရန်ပြုခဲ့သူ ၇ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ ၃၃၆ တို့ဖြင့် ကနီမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မြို့မရဲစခန်းထံမှ သိရသည်။

R-08



FOLLOW US