News

POST TAGGED AS

ဧရာဝတီတိုင်း

ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများကို ပွင့်လင်းမြင်သာစွာ ချပြသုံးစွဲရမည်ဟုဆို
ပုသိမ်၊ ဩဂုတ် ၂

ဧရာဝတီတိုင်းရှိ အခြေခံပညာကျောင်းများသို့ ခွဲဝေချထားပေးသော ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများကို ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် အများပြည်သူသိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာချပြသုံးစွဲရမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

ဩဂုတ် ၁ ရက်က ကျင်းပသော တိုင်းလွှတ်တော်အစည်းအဝေးတွင် ဓနုဖြူမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၏ “အခြေခံပညာ ကျောင်းများ၌ ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့ရန်ပုံငွေများ သုံးစွဲရာတွင် ကျောင်းကော်မတီ၊ ကျောင်းသားမိဘများ ပွင့်လင်းမြင်သာစွာ သိရှိစေရန် ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုကြောင်း”မေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကျောင်းဖွံ့ ဖြိုးတိုးတက်မှု ရန်ပုံငွေကို တစ်နှစ်လျှင် ၂ ကြိမ် ထုတ်ပေးနေပြီး ရန်ပုံငွေများကို ကျောင်းအုပ်၊ လက်ထောက်ဆရာ၊ ဆရာမတစ်ဦးနှင့် ရပ်ရွာမှ ၃ ဦး စသည့် ၅ ဦးပါသည့် ကော်မတီက ကျောင်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ပွင့်လင်းမြင်သာစွာသုံးစွဲရကြောင်း ၎င်းက ပြောသည်။  

အခြေခံပညာကျောင်းများတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ ဘဏ္ဍာရေးနှစ်အလိုက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကျောင်းထောက်ပံ့ကြေးငွေများကို ခွဲဝေထောက်ပံ့ပေးနေကြောင်း၊ ကျောင်းဖွံ့ ဖြိုးတိုးတက်မှု ရန်ပုံငွေများကို မူလတန်းကျောင်းများ၊ မူလတန်းကျောင်းခွဲများ၊ အလယ်တန်းကျောင်းများ၊ အလယ်တန်းကျောင်းခွဲများအတွက် ကျောင်းသားဦးရေ ၅၀မှ ၂၅၀၀ အထက်အထိ ကျောင်းသားဦးရေအလိုက် ကျပ် ၄သိန်းမှ ကျပ် ၄၂သိန်းအထိ ထောက်ပံ့ကြောင်း၊ ယင်းအပြင် အထက်တန်းကျောင်းများ၊ အထက်တန်းကျောင်းခွဲများအတွက် ကျောင်းသားတစ်ဦးလျှင် ကျပ် ၅၀၀၀ နှုန်းအပြင် ကျပ် ၅ သိန်းထပ်ပေါင်းကာ ထောက်ပံ့ကြောင်း လူမှုရေးဝန်ကြီးဌာနထံမှ သိရသည်။ 

အဆိုပါရန်ပုံငွေများကို လုပ်အားခများ၊ ပစ္စည်းငှားရမ်းခများ၊ ကျောင်းပစ္စည်းများ သွားရောက်ထုတ်ယူရာတွင် သယ်ယူပို့ဆောင်ခများ၊ စာရေးကိရိယာဝယ်ယူခြင်း၊ ဖုန်းဘေလ်ဆောင်ခြင်း၊ မီတာခ၊ မိတ္တူကူးခ၊ စီမံချက် စာအုပ်ပြုလုပ်ခြင်း၊ ပြပွဲပြိုင်ပွဲစရိတ်၊ ကျောင်းအတွက် လိုအပ်သော သောက်ရေအိုး၊ တံမြက်စည်း၊ အမှိုက်ပုံး၊ မြေဖြူတို့ဝယ်ယူခြင်း၊ အသေးစားလုပ်ငန်း ပြင်ဆင်စရိတ်များအတွက် သုံးစွဲရမည်ဖြစ်ကြောင်း၊ ငွေစာရင်းအသုံးပြုခြင်း၊ ရေးဆွဲခြင်းနှင့်ပတ်သက်၍ ကျောင်းအုပ်များကို သင်တန်းပေးထားကြောင်း ယင်းဌာနထံမှ သိရသည်။ 

“နိုင်ငံတော်က ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေဆိုပြီး ကျောင်းတိုင်းကို ချပေးထားတာရှိတယ်၊ ဒါပေမဲ့ ကျောင်းစတက်ပြီဆိုတာနဲ့ ရေအိုးဖိုး၊ တံမြက်စည်းဖိုး၊ ခြံစည်းရိုးကာဖို့၊ အလှူလုပ်ဖို့ စသည်ဖြင့် အလှူငွေတွေ ကောက်နေတာရှိတယ်၊ ရှိတဲ့မိဘ၊ တတ်နိုင်တဲ့မိဘတွေက ဘာမှမဖြစ်ပေမယ့် မရှိတဲ့၊ မတတ်နိုင်တဲ့ မိဘတွေကျတော့ အခက်အခဲဖြစ်ရပါတယ်၊ ကျွန်တော်တို့မြို့နယ်က ကျောင်းတစ်ကျောင်းမှာဆိုရင် အလှူငွေကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆရာမနဲ့ ကျောင်းသားမိဘ စကားများရတဲ့အထိဖြစ်ဖူးတယ်၊ ဒါကြောင့် ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ဘယ်လိုသုံးနေကြတာလဲ၊ ကျောင်းသားမိဘတွေ နဲ့အများပြည်သူတွေ သိရအောင် ဘယ်လိုသုံးမှာလဲဆိုပြီး မေးခွန်းမေးရတာပါ”ဟု မေးခွန်းရှင် ဦးအောင်နိုင်ထွန်းက ပြောသည်။ 

R-11



FOLLOW US