News

POST TAGGED AS

ဧရာဝတီတိုင်း

မအူပင်တွင် အသက် ၈၀ ကျော် ဇနီးမောင်နှံအား သတ်သူကိုဖမ်းမိ
ပုသိမ်၊ ဇူလိုင် ၁၉

ဧရာဝတီတိုင်း မအူပင်မြို့နယ် ပေကုန်းကျေးရွာတွင် ဇူလိုင် ၁၅ ရက်က အသက် ၈၀ နှစ်နှင့် ၈၁ နှစ်ရှိ ဇနီးမောင်နှံနှစ်ဦးကို သတ်ဖြတ်ခဲ့သူ အမျိုးသားကို ဖမ်းမိခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

“ဇူလိုင်လ ၁၅ရက်နေ့ မနက်ပိုင်းက လူသတ်မှုဖြစ်တယ်၊ သေဆုံးမှုကို စတွေ့တယ်လို့ပြောတဲ့ သူတို့ရဲ့တူကို စစ်ဆေးရာကနေ ပေါ်ပေါက်တာ၊ သူကလည်းဝန်ခံတဲ့အပြင် ဓား၊ အင်္ကျီနဲ့ တခြား သက်သေခံပစ္စည်းတွေကို သိမ်းဆည်းပြီးပါပြီ”ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

မအူပင်မြို့နယ် ပေကုန်းကျေးရွာတွင် ဇူလိုင် ၁၅ ရက်နေ့က ဦးတင်လှိုင် (၈၀ နှစ်)နှင့် ဇနီး ဒေါ်ရီ (၈၁ နှစ်)တို့မှာ နေအိမ်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ ၎င်းတို့မှာ သားသမီး လေးဦးရှိသော်လည်း အိမ်ထောင်သည်များဖြစ်သဖြင့် အတူမနေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ စတင်တွေ့ရှိခဲ့သည်ဆိုသော တူဖြစ်သူ ကိုဝဏ္ဏစိုး (၄၀ နှစ်)ကို စခန်းသို့ ခေါ်ယူစစ်ဆေးရာမှ ၎င်းမှသတ်ဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း၊ ကျူးလွန်သူမှာ သေဆုံးသူ ဇနီးမောင်နှံပိုင်သော ကိုင်းမြေ ၁ ဧကခွဲတွင် ကွမ်းစိုက်ပျိုးပြီး လွန်ခဲ့သော ၄ လခန့်က မြေကိုရောင်းချခဲ့သဖြင့် ဧကဝက်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယင်းကြောင့် ကွမ်းခြံကိုဖျက်ပေးရန် အဒေါ်ဖြစ်သူ ဒေါ်ရီက မကြာခဏ ပြောဆိုသဖြင့် အဒေါ်နှင့် ၎င်း၏ခင်ပွန်းကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဇူလိုင်လ ၁၈ ရက်က ဝန်ခံထွက်ဆိုခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ကျွဲဒုံးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ယင်းရုံးထံမှ သိရသည်။

R-11



FOLLOW US