News

POST TAGGED AS

ဧရာဝတီတိုင်း

ဧရာဝတီတိုင်းတွင် စစ်ရန်ကျန်သည့်အမှု တစ်သောင်းကျော်မှ ၈ မှုသာစစ်ပြီး
ပုသိမ် ၊ ဇူလိုင် ၈ 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းတရားလွှတ်တော်ရုံး၊ ခရိုင်တရားရုံးနှင့်မြို့နယ်တရားရုံးများတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက် အထိ စစ်ဆေးရန် လက်ကျန်အမှုပေါင်း တစ်သောင်းကျော်ထဲမှ ၈ မှုသာ စစ်ဆေးပြီးကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်တရားရေး ဌာနထံမှသိရသည်။

၂၀၁၈ ခုနှစ် မေလနှင့် ဇွန်လကုန်အထိ တိုင်းဒေသကြီးရှိ တရားရုံးများတွင် အမှုသစ် ၁၄,၃၈၁ မှု တိုးလာကြောင်း၊ တိုးလာသောအမှုသစ်များကို စစ်ဆေးနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက်အထိ စစ်ဆေးရန် လက်ကျန်အမှုပေါင်း တစ်သောင်းကျော်ထဲမှ ၈ မှုကိုသာ စစ်ဆေးနိုင်ကြောင်း တိုင်းတရားလွှတ်တော် တရားရေးဦးစီးမှူး ဦးထိန်မင်းက ပြောသည်။ 

“အမှုလက်ကျန် ၁၀၀ ကျော်လောက် တက်လာတယ်၊ ရှေ့လာမယ့်လတွေမှာ အာရုံစိုက်ပြီး ကြီးကြပ်ဆောင်ရွက်နေတဲ့အတွက် လက်ကျန်အမှုတွေ လျော့နည်းသွားမှာပါ”ဟု ၎င်းက ဆိုသည်။ 

ပုသိမ်မြို့နယ် တရားရုံးတွင် ရှေ့ပြေးတရားရုံးဖြင့် အမှုသွား အမှုလာများကို စီမံခန့်ခွဲနေကြောင်း၊ အမှုများကို သတ်မှတ်ရက်တွင်း ပြီးစီးနိုင်ရေးအတွက် နှစ်ဖက်အမှုသည်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ရိုးရှင်းသည့် တရားမမှုများကို တစ်နှစ်အတွင်း ပြီးစီးရန် ရည်မှန်းချက်ထားခြင်း၊ ပြစ်မှုများကိုရက်ပေါင်း ၁၈၀ အတွင်း ပြီးစီးရေးအတွက် သတ်မှတ်ထားခြင်းတို့ကို စီမံလုပ်ဆောင်နေကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။ 

“တရားရုံးများရဲ့ အမှုလက်ကျန် ကျဆင်းရေးအတွက် အရေးအကြီးဆုံးက သက်သေခံများ ရက်ချိန်းမှန်မှန်ရောက်ရှိဖို့က အဓိကကျပါတယ်။ ရှေ့နေရှေ့ရပ်တွေလည်း အရေးကြီးပါတယ်။ သူတို့ကလည်း ဝိုင်းဝန်းကူညီမယ်၊ ဌာနဆိုင်ရာ ဝန်ထမ်းသက်သေများဖြစ်ကြတဲ့ ဆရာဝန် ရဲတပ်ဖွဲ့တို့ကလည်း သတ်မှတ်ရက်တွေမှာ လာရောက်သက်သေခံပေးနိုင်ရင် သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်မယ်ဆိုရင် အမှုတွေ အမြန်ပြီးမြောက်နိုင်မှာပါ”ဟု တိုင်းတရားလွှတ်တော်တရားရေးဦးစီးမှူး ဦးထိန်မင်းက သုံးသပ်သည်။ 

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တိုင်းတရားလွှတ်တော်ရုံး၊ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက် အထိ စစ်ဆေးရန် လက်ကျန်အမှုများအနက် တရားမမှုပေါင်း ၅၂၇၆ မှုနှင့် ရာဇဝတ်မှု ၁၂,၈၃၃ မှု စုစုပေါင်း ၁၈,၁၀၉ စစ်ဆေးရန် ကျန်ရှိနေကြောင်း တိုင်းတရားလွှတ်တော် တရားရေးဌာနမှ သိရသည်။ 

R-12



FOLLOW US