News

POST TAGGED AS

ဧရာဝတီတိုင်း

အိမ်ဖော်မိန်းကလေးကို နှိပ်စက်မှု အထည်ဆိုင်ရှင် လင်မယားနှင့် အလုပ်သမားကို ဖမ်းဆီး


ပုသိမ်၊ ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် တဂေါင်းဘုရားလမ်း အိမ်အမှတ် ၁၁/က တွင် ဖွင့်လှစ်ထားသော Design King အထည်ဆိုင်ပိုင်ရှင် လင်မယားနှင့် ဆိုင်အလုပ်သမားတို့ကို အိမ်ဖော်မိန်းကလေးအား နှိပ်စက်မှုဖြင့် ဇွန် လ၂၈ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ယင်းဆိုင်တွင် အိမ်ဖေါ်အဖြစ်လုပ်ကိုင်သူ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ဓာတ်တော်ကုန်းကျေးရွာနေ အသက် ၁၉ နှစ်ရှိ နော်ဘွေဒီးဝါးအား နှိပ်စက်ညှင်းပန်းမှုနှင့် ဆိုင်ရှင်ဖြစ်သူ အသက် ၂၉ နှစ်ရှိ ကိုထက်လင်းသော်၊ ဇနီးဖြစ်သူ အသက် ၂၈ နှစ်ရှိ မဇင်မင်းသူနှင့် ဆိုင်လုပ်သား အသက် ၂၁ နှစ်ရှိ ကိုအောင်အောင်တို့ကို ဖမ်းဆီးအရေးယူထားခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။ 

“နှိပ်စက်ခံရသူ နော်ဘွေဒီးဝါးက အဲဒီမှာ အိမ်ဖော်လုပ်နေတာ ၂ နှစ်ကျော်ရှိနေပြီ သိရတယ်၊ နှိပ်စက်လို့ ထွက်ပြေးလာခဲ့ပြီး ရပ်ကွက်တွင်းနေထိုင်သူတွေ အကူအညီနဲ့ မိခင်ထံ ဆက်သွယ်အကြောင်းကြားပြီး နော်ဘွေဒီးဝါးနဲ့ မိသားစုဝင်တွေက စခန်းမှာ လာတိုင်ကြားတာ”ဟု ၄င်းက ရှင်းပြသည်။

ဝိုင်းဝန်းရိုက်နက်သဖြင့် ဒါဏ်ရာရရှိထားသော ဝဲဘက်ပေါင် ညိုမဲဒါဏ်ရာများ ဒူးခေါင်း ဝဲ/ယာ ညိုမဲဒါဏ်ရာများ ဝဲနှုတ်ခမ်းပေါ် ပေါက်ပြဲဒါဏ်ရာ၊ အမာရွတ် ၄ ချက် ဝဲနံဘေး ညိုမဲဒါဏ်ရာ ဝဲ /ယာ ပါးပြင်နာကျင်ဒါဏ်ရာ ယာလက်မောင်း ဝဲနို့အုံယာ လက်ဖျံပေါ် ယာပါးပြင်ပေါ်တို့တွင် မီးပူနှင့်ထိုးထား၍ ရရှိသော အမာရွတ်ဟောင်းများကို စစ်ဆေးတွေ့ရှိ၍ ပြည်သူဆေးရုံကြီးသို့ ရဲဆေးစာနှင့်အတူ သွားရောက်ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်တွင် ဖော်ပြပါရှိသည်။

၎င်းတို့ကို ပုသိမ်နယ်မြေရဲစခန်းက ဖမ်းဆီးကာ .ရာဇသတ်ကြီး ပုဒ်မ ၃၅၄/၃၅၂/၃၂၃/၂၉၄ /၅၀၀/၁၁၄ တို့်ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ဥပဒေရုံး၏ အကြံပြုချက်ရယူကာ သက်ဆိုင်ရာတရားရုံးတွင် တရားစွဲတင်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

R-12



FOLLOW US