News

POST TAGGED AS

ဧရာဝတီတိုင်း

မီးလင်းရေး သိန်း ၁၀၀ တောင်းသည့် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်ကို စစ်ဆေးမည်
ပုသိမ်၊ မေ ၂၁

ဧရာဝတီတိုင်း အိမ်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ကျပ်သိန်း ၁၀၀ တောင်းခံသည်ဟုဆိုကာ တိုင်ကြားခံရမှုအပေါ် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီက စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

တကောကျေးရွာ မီးလင်းရေးအတွက် ခွင့်ပြုထားသည့်ဘတ်ဂျက်ကို ညောင်ကုန်း ချောင်းဖျားကျေးရွာသို့ ခေါင်းစဉ်ပြောင်းလဲ သုံးစွဲရန်နှင့် သက်ဆိုင်ရာဌာနများသို့ပေးရန် ကျပ်သိန်း ၁၀၀ ကို ကျေးရွာမီးလင်းရေး ကော်မတီထံမှ အိမ်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က တောင်းယူခဲ့သည်ဟု တိုင်ကြားခံရခြင်းဖြစ်သည်။ 

ယင်းသတင်းကို စုံစမ်းနေသည့် အိမ်မဲမြို့မှ အလွတ်တန်းသတင်းထောက် ကိုသူရစိုးထံ သတင်းမရေးသားရန် လွှတ်တော်ကိုယ်စားလှယ်က လာရောက်ပြောဆိုခဲ့ပြီး မတ်လ ၂၇ ရက်တွင် ကျေးရွာသို့ ငွေများပြန်ပေးခဲ့ကြောင်း၊ အဆိုပါကိစ္စကို ကိုသူရစိုးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ တိုင်ကြားခဲ့သည်။

“လွှတ်တော်အနေနဲ့ကတော့ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီကနေ အသေးစိတ် စစ်ဆေးဆောင်ရွက်သွားမှာပါ၊ စစ်ဆေးတွေ့ရှိချက်နဲ့ အရေးယူဆောင်ရွက်မှုတွေကို ထပ်ပြီးထုတ်ပြန်ပေးပါမယ်”ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဦးအောင်ကျော်မြိုင်က ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ကျပ်သိန်း ၁၀၀ အား တောင်းခံခဲ့သော်လည်း ကိုယ်ကျိုးအတွက် မသုံးစွဲခဲ့ကြောင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ကြောင်း အထောက်အထား ခိုင်မာမှုမရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနှင့် မီးလင်းရေးကိစ္စတွင် ငွေကြေးကိစ္စများ၌ ကျင့်ဝတ်နှင့်မညီဘဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲမှုလွဲမှားစွာ ဆောင်ရွက်ခြင်း၊ အများပြည်သူ အထင်လွဲမှားစေရန် ဆောင်ရွက်ခြင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့သည်။ 

တိုင်ကြားခံရမှုနှင့် ပတ်သက်၍ အိမ်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က တိုင်ကြားထားသော အချက်အချို့မှာ လွဲမှားနေကြောင်း၊ ယင်းတိုင်ကြားစာကြောင့် ဧပြီလက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် တစ်ဦးလာစစ်ရာ၌ ငွေသိန်း ၁၀၀ ယူသည်မှာ ဟုတ်မှန်သော်လည်း ကိုယ်ကျိုးသုံးစွဲခြင်း မရှိကြောင်းကို ထွက်ဆိုခဲ့ကြောင်းပြောဆိုသည်။ 

စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်သည့် အကြောင်းကြားစာကို မေလ ၁၄ရက်တွင် တိုင်းလွှတ်တော်က ရရှိကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌရုံးထံမှ သိရသည်။

လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူအတွက် အလုပ်လုပ်ပေးနေသူများဖြစ်၍ လုပ်မှားကိုင်မှားရှိနိုင်ကြောင်း၊ ယခုကိစ္စတွင် ပြည်သူအများကြားတွင် ကိုယ့်ကို သံသယရှိစရာအဖြစ် သတ်မှတ်ခြင်း ခံလိုက်ရကြောင်း၊ ကျန်သည့် ကိုယ်စားလှယ်များကလည်း ဦးအောင်ကျော်မြိုင်၏ ဖြစ်စဉ်ကို အတုယူ၍ လုပ်မှားကိုင်မှား မဖြစ်ရအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌထံမှ သိရသည်။

ဦးအောင်ကျော်မြိုင်ကို လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီမှ စစ်ဆေးခြင်းသာမကဘဲ တိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌထံ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌထံမှ သိရသည်။

R-11




FOLLOW US