News

POST TAGGED AS

ဧရာဝတီတိုင်း

ပုသိမ်တိုးချဲ့ ၉ ထပ် ဆေးရုံ ဆက်လက်တည်ဆောက်ရေး ကော်မတီဖြင့် စစ်ဆေးမည်ဟုဆို
ပုသိမ်၊ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးဝန်းရှိ တိုးချဲ့ ၉ ထပ်ဆေးရုံ ဆက်လက် တည်ဆောက်နိုင်ရေးအတွက် စိစစ်ရေးကော်မတီဖြင့် စစ်ဆေးကာ ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“ပြည်ထောင်စုဝန်ကြီး ညွှန်ကြားချက်အတိုင်း ဒီဆေးရုံ တည်ဆောက်ရေးကိစ္စမှာ စတင်တည်ဆောက်ချိန်မှ အခုအထိ အခြေအနေ အရပ်ရပ်တွေ၊ စာချုပ်ပါ အချက်အလက်တွေ၊ အရည်အသွေးမှန်ကန်မှု ရှိ၊ မရှိတွေကို စိစစ်ဖို့ ပုသိမ်ဆေးရုံကြီး ဆောက်လုပ်နေမှု အခြေအနေ စိစစ်ရေးကော်မတီကို ဖွဲ့ထားပါပြီ”ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

ခုတင် ၅၀၀ ဆံ့ ပုသိမ်ဆေးရုံကြီးအတွက် ၉ ထပ်ဆောင် တိုးချဲ့တည်ဆောက်ခြင်း စီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ရန်ပုံငွေမှ Royal Lotus ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်နေကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အဆောက်အအုံဒီဇိုင်းများ ပြုပြင်ပြောင်းလဲရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း၊ ၂၀၁၇ ဖေဖော်ဝါရီလတွင် ဆေးရုံတည်ဆောက်မှု ပြန်စတင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် ခွဲဝေချထားပေးခဲ့မှု မရှိ၍ တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

“တည်ဆောက်ရေး ရပ်ထားရတော့ လူနာတွေ ကုသခံရမှုအတွက် နောက်ကျတာပေါ့ဗျာ၊ ဒီဘက်ဆေးရုံကလည်း ပြုပြင်ရေးတွေ လုပ်ရမှာဆိုတော့ ဒါကြီး( ၉ ထပ်ဆောင် ဆေးရုံကြီး) အမြန်ပြီးအောင် ဆောင်ရွက်ဖို့တော့လိုမယ်”ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြသည်။

ပုသိမ်ဆေးရုံကြီးကို လွန်ခဲ့သော နှစ် ၆၀ ခန့်က တည်ဆောက်ခဲ့ပြီး ယခုအခါ ဟောင်းနွမ်းဆွေးမြည့်လာပြီး အလွန်ဆိုးရွားစွာ ပျက်စီးနေသဖြင့် အကြီးစားပြင်ဆင်မှုများ ဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ ခုတင် ၂၀၀ ဆံ့ ဆေးရုံဟု သတ်မှတ်ထားသော်လည်း ဆေးရုံတက် ကုသနေရသော လူနာမှာ နေ့စဉ် ၂၈၀ မှ ၃၅၀ ခန့် အထိ လက်ခံကုသပေးနေရကြောင်း၊ တုပ်ကွေးဖြစ်ပွားတတ်သည့် ရာသီချိန်မျိုးတွင် လူနာ ၅၀၀ ခန့်ကို လက်ခံကုသပေးနေရကြောင်း ယင်းဆေးရုံထံမှ သိရသည်။ 

R-11




FOLLOW US