News

POST TAGGED AS

ဧရာဝတီတိုင်း

လစ်လပ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အစားထိုးခန့်အပ်မှု အစီအစဉ်ရွှေ့
ရန်ကုန်၊ ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းနှင့် မကွေးတိုင်းဒေသ ကြီးတို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့၌ လစ်လပ်သွားသော ဝန်ကြီးချုပ်နှင့် ဝန်ကြီးနေရာများ အစားထိုးခန့်အပ်သည့် အစီအစဉ်များ ရွှေ့ဆိုင်းလိုက်ကြောင်း အဆိုပါ တိုင်းဒေသကြီးများမှ တိုင်းလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

လစ်လပ်သွားသော ဝန်ကြီးချုပ် နေရာ အစားထိုး ခန့်အပ်ရန် ဇန်နဝါရီလ ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သော်လည်း ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသောကြောင့် အစည်းအဝေး မကျင်းပဖြစ်ဘဲ ဇန်နဝါရီလ ၁၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောကြားသည်။

အလားတူ မကွေးတိုင်းဒေသကြီး လွှတ်တော် ပုံမှန် အစည်းအဝေးတွင် လစ်လပ်နေသော တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်နေရာ ခန့်အပ်ရန် အစီအစဉ် ရှိသော်လည်း အဆိုပါ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောကြားခဲ့ပြီး မည့်သည်အတွက်ကြောင့် ရွှေ့ဆိုင်းခြင်းကိုမူ ပြောဆိုခြင်း မပြုပေ။

အစည်းအဝေးကျင်းပရန် လွှတ်တော်ခန်းမထဲတွင် ကိုယ်စားလှယ်အစုံ ရောက်ရှိနေပြီး နံနက် ၁၀ နာရီကျော်မှသာ ရက်ရွှေ့ဆိုင်းကြောင်းကို ဥက္ကဋ္ဌ၏လမ်းညွှန်ချက်အရဟုဆိုကာ အခမ်းအနားမှူးက ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ လွှတ်တော် ကျင်းပသည့် စရိတ်ငွေများမှာ ပြည်သူ့ဘဏ္ဍာငွေများဖြစ်ပြီး မကုန်ကျသင့်ဘဲ ကုန်ကျခဲ့ရခြင်းအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၁၀ ရက်တွင် နှုတ်ထွက်ခွင့် ပြုသကဲ့သို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနဝန်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးနေမျိုးကျော်တို့ကိုလည်း ယင်းနေ့တွင်ပင် နှုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ဒုတိယပတ်အတွင်း အဆိုပါ တိုင်းဝန်ကြီးချုပ်တစ်ဦး၊ တိုင်းဝန်ကြီး နှစ်ဦး အပါအဝင် နောက်ထပ် ဝန်ကြီးသုံးဦး တာဝန်မှ နုတ်ထွက်ခဲ့သည်။

J-07, R-11



FOLLOW US