News

POST TAGGED AS

ဧရာဝတီတိုင်း

ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းဒဏ်ခံဒေသ၌ ပေ၂၀၀၀ အထက် တံတား ၄ စင်းဆောက်
ပုသိမ်၊ ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းကျရောက်ခဲ့ရာ ဒေသများဖြစ်သည့် ဖျာပုံ၊ ဘိုကလေး၊ အမာနှင့် မော်လမြိုင်ကျွန်း မြို့နယ်တို့တွင် ပေ၂၀၀၀ အထက်ရှိ သံကူကွန်ကရစ် တံတား ၄ စင်းကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် စတင်တည်ဆောက်နေပြီး ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။ 

ဧရာဝတီတိုင်းအတွင်း လမ်းကွန်ရက်များ ပိုမိုကောင်းမွန်လာစေရန်နှင့် နာဂစ်ကဲ့သို့ သဘာဝဘေးအန္တရာယ်များ ထပ်မံဖြစ်ပေါ်လာပါက အရေးပေါ် ယာယီနားခိုနိုင်ရန် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ယင်းအပြင် ရန်ကုန်မြို့နှင့်ဧရာဝတီတိုင်းရှိ မြို့နယ် ၂၆ မြို့ကို အလွယ်တကူ ချိတ်ဆက်သွားလာနိုင်ရန် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးကပြောကြားသည်။

“တံတားတွေအားလုံးကို ဆိုလာစနစ်နဲ့ လျှပ်စစ်မီးများ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ တံတားတွေက ကြီးမားတာကြောင့် နာဂစ်လိုမုန်တိုင်းမျိုး ဖြစ်ခဲ့ရင် အရေးပေါ် ယာယီနားခိုနိုင်ပါတယ်။ ဒီလိုအသုံးပြုလို့ ရတယ်ဆိုတာ ဒေသတွင်းပြည်သူတွေကို အသိပေးထားမှာပါ။ တိုင်းအစိုးရရုံးတွေစိုက်တဲ့ ပုသိမ်နဲ့ ရန်ကုန်မြို့တွေကို ၄ နာရီ ခရီးပဲရှိပါတော့တယ်”ဟု ၎င်းက ရှင်းပြသည်။ 

တံတားများပြီးစီးပါက ဒေသထွက် ဆန်စပါး၊  ငါးပိ ငါးခြောက်၊ ပုစွန်ခြောက်နှင့် ပင်လယ်ငါးလုပ်ငန်း အခြေပြုကုန်စည်များ ဧရာဝတီတိုင်းဒေသကြီးရှိ ၂၆ မြို့ နယ်နှင့် ရန်ကုန်မြို့၊ အထက်မြန်မာပြည်မြို့များသို့ ကုန်စည်စီးဆင်းမှု မြန်ဆန်ကာ ဒေသတွင်း နေထိုင်သူများ၏ လူမှုဘဝအခြေအနေများ တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း ဝန်ကြီး ဦးဝင်းဌေးက ဆိုသည်။ 

“အရင်တုန်းက ပုသိမ်ကနေ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံကို သင်္ဘောနဲ့သွားရင် တစ်ညအိပ် တစ်ရက် ခရီးကြာတယ်။ မအူပင်ဘက်ကနေ ကားနဲ့သွားရင် မော်လမြိုင်ကျွန်းကို ၆ နာရီ၊ ဖျာပုံ၊ ဘိုကလေးဆို ၈ နာရီကြာတယ်”ဟု ပုသိမ်မြို့ခံ ဦးခင်ဝင်းက ဆိုသည်။ 

ဘိုကလေး၊ ဖျာပုံ၊ အမာ ကားလမ်းပေါ်ရှိ သကံတံတားနှင့် စက်ဆန်းတံတား၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ မြောင်းမြ ကားလမ်းပေါ်ရှိ ဆော်ကဲတံတားနှင့် ကျွန်းပြာသာဒ် တံတားတို့ကို တည်ဆောက်နေခြင်းဖြစ်ပြီး တံတားအရှည် ပေ၂၃၀၀၀ ကျော်၊ အကျယ် ယာဉ်သွားလမ်း ၂၄ ပေ၊ ဘေးနှစ်ဖက် လူသွားလမ်း ၃ ပေ ၆ လက်မ ၊ ရေပြင်ကင်းလွတ် အထက် အမြင့် ၄၀ ပေနှင့် ရေပြင်ဘေးနှစ်ဖက်ကင်းလွတ် အကျယ် ၂၀၀ ပေ ကျော်ရှိကြောင်း ယင်းတံတားများ လုပ်ငန်းစီမံချက်တွင် ဖော်ပြထားသည်။  

R-12



FOLLOW US