News

POST TAGGED AS

ဧရာဝတီတိုင်း

စွန့်လွှတ်မြေယာများ ပြန်ပေးရန် ကြန့်ကြာမှုများကို အထူးစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမည်
ပုသိမ်၊ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီးရှိ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများမှ စွန့်လွှတ်ထားသော မြေယာများမှာ မူလပိုင်ရှင်များထံ ပြန်ပေးရန် ကြန့်ကြာနေမှုများနှင့် ပတ်သက်၍ တိုင်းအစိုးရက အထူးစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုး မွေးမြူရေး သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း က ပြောကြားသည်။ 

“မြေယာကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အထူးအဖွဲ့တွေနဲ့ စစ်ဆေးနိုင်ဖို့ ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြထားပါတယ်၊ ဒီဇင်ဘာလကုန်မှာ အမြန်ဆုံးနဲ့ အတတ်နိုင်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်သွားမယ်”ဟု ဝန်ကြီး ဦးဘဟိန်းက ပြောကြားသည်။

သိမ်းဆည်းခံမြေယာများကို  သိမ်း ဆည်းခဲ့သူများက ပြန်လည် စွန့်လွှတ်ခဲ့သည်မှာ ၂ နှစ်ကျော်နေကြောင်း၊ သိမ်းဆည်းခံရသည့် မူလပိုင်ရှင်များ မှန်ကန်မှု ရှိ မရှိကိုလည်း လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော လယ်ယာမြေနှင့် အခြား မြေယာ ပြဿနာများ စိစစ်ရေးအဖွဲ့မှ အကြိမ်ကြိမ် စစ်ဆေးပြီး ဖြစ်သော်လည်း ယနေ့အထိ ပြန်မရသေးကြောင်း၊ ယင်းအပြင် စွန့်လွှတ်ထားသည့် မြေလွတ်မြေရိုင်းများကို မြေယာမဲ့ တောင်သူတွေကို ခွဲဝေပေးရန်ကိုလည်း တိုင်းဒေသကြီး အစိုးရက စနစ်တကျ စီမံခန့်ခွဲ မပြုလုပ်သေးကြောင်း ဓနုဖြူမြို့နယ် မဲဆန္ဒနယ် ၁မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောသည်။

“ဌာနဆိုင်ရာတွေက ပုံစံ ၇ တွေကို မမှန်မကန် လုပ်နေတာလည်း ရှိနေတယ်၊ မအူပင် ခရိုင် လယ်/စိ/မြေ/စစ် တွေကလည်း တောင်သူတွေကို အကြိမ်ကြိမ်မြို့က ရုံးမှာ ခေါ်စစ်နေတော့ တောင်သူတွေ စရိတ်ကုန် လူပန်း အချိန်ကုန် အလုပ်အကိုင်ပျက်နဲ့ တစ်နေ့လုပ် တစ်နေ့စားတွေအဖို့ အတော်ကို အခက်အခဲတွေ ရှိနေပေမယ့် သူတို့ လက်ထဲကို လယ်ယာမြေတွေ မရောက်သေးပါဘူး”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြေယာကိစ္စများ ဖြေရှင်း ဆောင်ရွက်ရာတွင် ဝန်ထမ်းများ မမှန်မကန် လုပ်ဆောင်မှုများ ရှိနေပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ပြောကြားသည်။

R-12



FOLLOW US