News

POST TAGGED AS

ဧရာဝတီတိုင်း

06-Nov-2017

ပုသိမ်
ကျောက်ကြီး ထုတ်လုပ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီး
ပုသိမ်၊ နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ သရက်စမ်းကျေးရွာအနီး ကျောက်တောင်များကို မိုင်းခွဲကာ ကျောက်ကြီး (လမ်းခင်းကျောက်) ထုတ်လုပ်နေမှုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ယင်းဒေသခံများက ပြောကြားသည်။

ယင်းသို့ ကျောက်ထုတ်လုပ်ဆောင်ရာတွင် လုပ်ငန်းရှင်များက လုပ်ငန်းလုပ်ကိုင်ခွင့်စာချုပ်ပါ ကတိကဝတ်အရ သစ်ပင်များ ပြန်လည် စိုက်ပျိုးပေးခြင်း မရှိသောကြောင့် ဒေသအတွင်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် သဘာဝဘေး အန္တရာယ်များကို ကြုံတွေ့နေရကြောင်း ၎င်းတို့က ပြောဆိုသည်။

ဂွေးတောက် စမ်းချောင်းပေါက်၊ ရေသေရာ ချောင်းပေါက်၊ သရက်စမ်း ချောင်းပေါက်၊ အရိုးတောင် ချောင်းပေါက်များအတွင်း မိုင်းခွဲကာ လူအားနှင့် စက်၊ ယာဉ်ယန္တရားများ အသုံးပြု၍ ကျောက် ထုတ်လုပ်နေခြင်းကြောင့် ချောင်းများ ကောခြင်း၊ ရေလမ်းကြောင်း ပြောင်းခြင်း၊ ကမ်းပြိုခြင်း၊ ရေကြီးခြင်းနှင့် ရေလျှံခြင်းစသည့် သဘာဝဘေးများကို နှစ်စဉ် တွေ့ကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။

လက်ရှိအခြေအနေ၌ ယင်းဒေသတွင် သုံးမိုင် ခြောက်ဖာလုံရှိသော ခုံကြီး- ကံဆယ်လမ်းမှာ ရေတိုက်စားခံရပြီး လမ်းပခုံးများ ပြိုကျနေပြီး ယင်းလမ်း လုံးဝ ပျက်စီးပါက ဒေသခံများ၏ သွားလာရေးအပြင် ကျောက်ထုတ်ရေး လမ်းကြောင်းပါ ပျက်စီးသွားနိုင်ကြောင်း၊ ယင်းကြောင့် တာဝန်ရှိသူများအနေနှင့် မြေပြင် အခြေအနေကို ကွင်းဆင်းပြီး ဖြစ်ပေါ်နေသည့် ပျက်စီးယိုယွင်းနေမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကြံခင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်းက ပြောကြားသည်။

“သစ်ပင်တွေ စိုက်ပျိုးပြီးတယ် ပြောပေမယ့် ဘယ်နေရာမှာ စိုက်တယ်မသိဘူး။ လက်ရှိ ပျက်စီးနေတဲ့နေရာတွေမှာတော့ စိုက်ပျိုးထားတာ မရှိဘူး။ ဒီဒေသထွက် သယံဇာတကြောင့် နိုင်ငံတော်အတွက် ဝင်ငွေရရှိခဲ့သလို ဒီဒေသမှာ ပျက်စီးသွားတဲ့ အခြေအနေတွေကိုလည်း ပြင်ဆင်ပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။ 

၂၀၁၅-၂၀၁၆ ခုနှစ် ကျောက်ထုတ်လုပ်ခွင့်အတွက် မြန်အောင် (မြောက်) ကြိုးဝိုင်း၊ အကွက်အမှတ် ၂၆ အတွင်း သစ်တောစိုက်ခင်း သုံးဧက တည်ထောင် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ယင်းကြောင့် သက်ဆိုင်ရာ ဌာနများကို ကွင်းဆင်းစစ်ဆေးစေပြီး အမှန်တကယ် စိုက်ပျိုးထားခြင်း ရှိ၊ မရှိနှင့် ချောင်းမြောင်းများ ပျက်စီးမှုကိုပါ စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ပြောကြားသည်။

အဆိုပါဒေသတွင် ကျောက်ကြီး ကျင်းပေါင်း  ၅၀ဝ၀ ထုတ်လုပ်မှုအတွက် Oriental High Way ကုမ္ပဏီလီမိတက်ကို ကျပ်သိန်း ၁၀၃ ဒသမ ၇၅ သိန်း ပြည်ထောင်စုဘဏ္ဍာသို့ ကောက်ခံပေးသွင်းစေကာ ထုတ်လုပ်ခွင့်ပြုခဲ့ကြောင်း၊ ကျောက်ကြီး လုပ်ကွက်နေရာကို ကွင်းဆင်းစစ်ဆေး၍ သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကျရောက်သော ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ တမလန်း၊ သင်းဝင် သစ်မာများ ပေါက်ရောက်ခြင်း မရှိသည့်နေရာကို ခွင့်ပြုခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခြင်းအတွက် ကျောက်ထုတ်လုပ်ခွင့်ပြု ဧရိယာ၏၂၀ ရာခိုင်နှုန်းကို ရေမြေထိန်းသိမ်းရေးအတွက် ပြန်လည် စိုက်ပျိုးပေးရန် ဝန်ခံကတိဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

R-12

  • VIA


FOLLOW US