News

POST TAGGED AS

ဧရာဝတီတိုင်း

တရားမဝင် စက်သုံးဆီဆိုင်များကို အရေးယူမည်
တောင်ငူ၊ အောက်တိုဘာ၂၈

ပဲခူးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များအနက် လမ်းဘေးတွင် အုတ်နီခဲ ထောင်ကာ ရေသန့်ဘူးတွင် ထည့်သွင်း ရောင်းချနေသူများနှင့် ဘက်ထရီပန့်များဖြင့် တရားမဝင် ဖွင့်လှစ်ရောင်းချနေသူများကို အရေးယူမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“တရားမဝင် စက်သုံးဆီဆိုင်တွေကြောင့် မီးဘေးစိုးရိမ်နေရသလို တရားဝင် အခွန်အခပေးဆောင်ပြီး ဖွင့်လှစ်နေကြသူတွေကိုလည်း ထိခိုက်တယ်။ ထန်းတပင်မြို့နယ်ထဲမှာ တရားဝင် ဖွင့်လှစ်ခွင့်ပြုထားတာ ထန်းတပင်နှစ်ဆိုင်၊ ဇရပ်ကြီးတစ်ဆိုင်ပဲ ရှိတယ်။ အမှန်တကယ် ဖွင့်လှစ်နေတာ လမ်းဘေးဆိုင်ရော၊ ဘက်ထရီပန့်ဆိုင်တွေရော တွက်မယ်ဆို ၂၀ဝ နီးပါးရှိနေတယ်”ဟု ထန်းတပင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ဆိုသည်။

ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်ပေါင်း၂၈ မြို့အတွင်း မြန်မာ့ရေနံလုပ်ငန်းမှ တရားဝင် ခွင့်ပြုထားသည့် စက်သုံးဆီဆိုင်ပေါင်း ၂၂၄ ဆိုင်ခန့်ရှိနေပြီး လမ်းဘေး ဆိုင်ငယ်များမှာ တရားမဝင်ကြောင်း မြန်မာ့ရေနံလုပ်ငန်း ပဲခူးတိုင်းဒေသကြီး (ရောင်းဝယ်ရေး) အရာရှိ ဦးစိုးလွင်က ပြောကြားထားသည်။

“ပန့်နဲ့စက်က ဆီကို ပီပါထဲကတစ်ဆင့် ပြန်ပြီးထည့်ရတာဖြစ်တော့ ဆီအသွင်း အထုတ်မှာ မီးဘေး အန္တရာယ်ကြီးတယ်။ နောက်တစ်ခုက စက်တွေကိုလည်း တရားဝင် သွင်းခွင့်မပြုထားဘူး။ တစ်ခုရှိတာက နားလည်မှုနဲ့ ဖွင့်ကြတယ်ဆိုပေမယ့် ဌာနဆိုင်ရာက မသိဘဲတော့ မရှိနိုင်ပါဘူး”ဟု တောင်ငူမြို့ခံ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ယင်းကြောင့် တရားမဝင် ဆီဆိုင်များကို ယမန်နှစ်အတွင်းက သတိပေးစာ ပေးပို့ထားပြီး အခြား နည်းလမ်းသုံးစွဲခွင့် လျှောက်ထားရန်လည်း မှာကြားထားပြီး ဖြစ်၍ နောက်ပိုင်းတွင် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက ပြောကြားသည်။

R-15



FOLLOW US