News

POST TAGGED AS

ဧရာဝတီတိုင်း

14-Aug-2017

NLD
NLD ပါတီ နာယက ဦးအောင်ရွှေကို ပါတီအခမ်းအနားဖြင့် သင်္ဂြိုဟ်မည်
ရန်ကုန်၊ ဩဂုတ် ၁၄

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကဖြစ်သူ ဦးအောင်ရွှေဈာပနကို NLD ပါတီက အခမ်းအနားပြုလုပ် သင်္ဂြိုဟ်ရန် စီစဉ်နေကြောင်း ယင်းပါတီထံမှ သိရသည်။

ပါတီအနေနှင့် သင်္ဂြိုဟ်သွားရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားပြီး NLD ပါတီက တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ အခမ်းအနားကို ဦးဆောင် ကျင်းပသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဦးအောင်ရွှေ မိသားစုနှင့် နီးစပ်သည့် မရမ်းကုန်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က ပြောကြားသည်။

လက်ရှိတွင် ဦးအောင်ရွှေ၏ သား၊ သမီးများသည် ပြည်ပနိုင်ငံ အသီးသီးတွင် ရောက်ရှိနေပြီး ယင်းသားသမီးများ ရောက်ရှိလာသည့် အချိန်တွင် မိသားစုဝင်များနှင့် တိုင်ပင်ကာ သင်္ဂြိုဟ်မည့်နေ့ရက်ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“၅ ရက်ထားမလား ၇ ရက်ထားမလားဆိုတာ သူ့သားသမီးတွေနဲ့ တိုင်ပင်သွားမယ်”ဟု ၎င်းက ဆိုသည်။

ဦးအောင်ရွှေတွင် သား သုံးဦးနှင့် သမီး သုံးဦးရှိပြီး ၎င်းတို့သည် အင်္ဂလန်၊ ပြင်သစ်နှင့် အမေရိကတို့တွင် အခြေချ နေထိုင်လျက်ရှိသည်။

လက်ရှိတွင် မိသားစုဝင်များ မြန်မာနိုင်ငံသို့ လာရောက်ရန် စောင့်ဆိုင်းနေပြီး အကြမ်းဖျင်း ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။

“မိသားစုတွေက မရောက်သေးတော့ စောင့်နေတယ်။ သူတို့နဲ့ တိုင်ပင်ရဦးမယ်။ ဒီညနေတော့ တစ်ယောက်ရောက်မယ် ပြောတယ်။ မိသားစုရောက်မှ ဘယ်နှရက်ထားမယ် ဘာမယ်ဆိုတာ တိုင်ပင်ရမယ်”ဟု ၎င်းက ဆိုသည်။

အသက် ၉၉ နှစ်ရှိပြီဖြစ်သည့် ဦးအောင်ရွှေသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်နေ့ ည ၉ နာရီ ၃၆ မိနစ် အချိန်တွင် ရန်ကုန်မြို့ ဝိတိုရိယဆေးရုံ၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဦးအောင်ရွှေသည် တပ်မတော်မှ အငြိမ်းစား ဗိုလ်မှူးချုပ်တစ်ဦးဖြစ်ပြီး ၁၉၄၂-၄၅ ခုနှစ်များတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်နှင့် ဗမာ့မျိုးချစ် တပ်မတော်တို့တွင် ပါဝင်၍ ဗြိတိသျှနယ်ချဲ့နှင့် ဂျပန်ဖက်ဆစ်တို့ကို တော်လှန်ခဲ့သူဖြစ်သည်။

ယင်းနောက်တွင် တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဗိုလ်မှူးချုပ် အောင်ရွှေအား တပ်မတော်မှ အငြိမ်းစား ယူခွင့်ပြုခဲ့သည်။

ယင်းနောက်တွင် မြန်မာနိုင်ငံ၏ သံအမတ်ကြီးအဖြစ် ဩစတြေးလျ၊ နယူးဇီလန်၊ အီဂျစ်၊ ပြင်သစ်၊ စပိန်နှင့် ယူနက်စကိုတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ယင်းနောက်တွင် ဦးအောင်ရွှေသည် ၁၉၈၈ ခုနှစ် NLD ပါတီ တည်ထောင်ရာတွင် ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီးတို့နှင့် အတူပါဝင်ခဲ့သည်။

၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းလိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဒေါ်အောင် ဆန်းစုကြည်မှာ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ဦးအောင်ရွှေမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်၍ ၂၀၁၀ ပြည့်နှစ်အထိ NLD ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

J-08

  • VIA


FOLLOW US