News

POST TAGGED AS

ဦးဖြိုးမင်းသိန်း

မင်္ဂလာဈေးကို လပေါင်း ၃၀ အတွင်း အပြီးဆောက်လုပ်မည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
ရန်ကုန်၊ မေ ၃

မီးဘေးသင့် မင်္ဂလာဈေးသစ်စီမံကိန်းကို ယခုနှစ် မေလမှစ၍ လပေါင်း ၃၀ အတွင်း အပြီးဆောက်လုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မေလ ၃ ရက် နံနက်ပိုင်းက ပြုလုပ်သည့် မင်္ဂလာဈေးသစ်စီမံကိန်း ပန္နက်တင် အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

မင်္ဂလာဈေးသစ် ဆောက်လုပ်ရေးကို လုပ်ကိုင်ခွင့်အဖြစ် Sun Myat Tun ကုမ္ပဏီက တင်ဒါရရှိခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရက ဘတ်ဂျက် ၄၈ ဘီလီယံ သုံးစွဲရန် သတ်မှတ်ခဲ့သော်လည်း ဈေးသစ်ဒီဇိုင်းရေးဆွဲရာ၌ ကုန်ကျမှု ၂၀ ဘီလီယံခန့် မြင့်တက်ခဲ့ခြင်းကြောင့် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါခေါ်ယူ၍ အဆင့်ဆင့်ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနထံမှ သိရသည်။

ထို့အပြင် ဈေးသစ်၏ ဒီဇိုင်းသတ်မှတ်ချက်အရ ၁၅ ထပ် အမြင့်ပါရှိမည်ဖြစ်ပြီး Public Private Partnership (PPP) စနစ်ဖြင့် ၂ နှစ်ခွဲအတွင်း အပြီးတည်ဆောက်ရန် စီစဉ်ထားပြီး စုစုပေါင်းကုန်ကျစရိတ်ပမာဏ ကျပ် ၄၈ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဈေးစီမံကိန်းရေးဆွဲမှုအရ သိရသည်။

“ဈေးသူဈေးသားတွေလည်း စောင့်မျှော်နေတာ ကြာပါပြီ။ နှစ်နှစ်လောက်က အချိန်ကုန်ခဲ့ပြီးပြီ။ တချို့လည်း စီးပွားရေးပိုင်း အခြေပျက်ကုန်တာတောင် ရှိတယ်” ဟု မီးလောင်မှုမဖြစ်ခင်က မင်္ဂလာဈေးတွင် အထည်ဆိုင်ဖွင့်ခဲ့ဖူးသူတစ်ဦးက ဆိုသည်။

ထို့အပြင် ဈေးသစ်ပြီးစီးပါက မူလထက် ဆိုင်ခန်းများကို ၂၇ ပေမှ ၃၂ ပေ အထိ နေရာတိုးချဲ့ပေးမည်ဖြစ်ပြီး ဈေးနှင့် မလွတ်သည့် မြို့တော်စည်ပင်ဘဏ်ကိုလည်း ဖျက်သိမ်းခဲ့သည်။

မင်္ဂလာဈေးစီမံကိန်းတွင် ပစ္စည်းစုံပါဝင်မည့် ဈေးဝယ်စင်တာတစ်ခု ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး ဈေးအထပ်တိုင်း၌ ကုန်တင်ကုန်ချပြုလုပ်နိုင်သည့် ယာဉ်ပတ်လမ်းများပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-17



FOLLOW US