News

POST TAGGED AS

ဦးဖြိုးမင်းသိန်း

စည်ပင်ဥပဒေကြမ်း အတည်ပြုရေး အမြန်ဆုံး ဆောင်ရွက်ရန် ရန်ကုန်ဝန်ကြီးချုပ် တိုက်တွန်း

ရန်ကုန်၊ မတ် ၁၅

ကန့်ကွက်မှုများ ရှိနေသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း အတည်ပြုနိုင်ရေး အမြန်ဆုံး ဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် တိုက်တွန်းခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မတ်လ ၁၄ ရက်က တိုင်းဒေသကြီးလွှတ်တော်တွင် တွေ့ဆုံခဲ့ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ရှင်းလင်းခဲ့ပြီးနောက် အဆိုပါ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြို့တော်စည်ပင်ကို စီးပွားရေး အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည့် ပြဋ္ဌာန်းချက်များ ပါဝင်လာသည့် ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် တိုင်းအစိုးရအဖွဲ့က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရခြင်း မရှိသေးသော်လည်း ကိုယ်စားလှယ်အများစုက ယင်းသို့ စီးပွားရေးအဖွဲ့အဖြစ် ပြောင်းလဲမည့် သဘောထားကို သဘောကျကြခြင်း မရှိပေ။

ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်များ၏ တွေ့ဆုံပွဲတွင် အစိုးရအဖွဲ့က တင်ထားသည့် ဥပဒေကြမ်းကို ပြင်ဆင်စရာရှိသည်များကို မြန်မြန်ဆန်ဆန် ပြင်ဆင်ရန်နှင့် အစိုးရက လုပ်ဆောင်သွားမည့် စည်ပင်အဖွဲ့ တည်ဆောက်ပုံများကို အစိုးရအဖွဲ့က ရှင်းလင်းပြောကြားခဲ့ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာက အကျိုးအမြတ် ရရှိသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုမှရရှိလာသည့် အကျိုးအမြတ်များဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းကို ရှင်းလင်းသွားခဲ့ကြောင်း ၎င်းကပြောကြားသည်။

“သူက စည်ပင်သာယာဥပဒေကို အမြန်ဆုံးလေး အကောင်အထည် ပေါ်စေချင်တယ်။ ပြီးတော့ သူတို့လုပ်ချင်တဲ့ဟာတွေကိုလည်း လာရှင်းပြတာ၊ ကျွန်တော်တို့ကတော့ ဥပဒေရဲ့ အားနည်းချက်တွေကို လွှတ်တော်ထဲရောက်မှ ဆွေးနွေးတော့မယ်”ဟု ၎င်းကဆိုသည်။

ဆဋ္ဌမပုံမှန် လွှတ်တော် အစည်းအဝေးသည် ယခုလ (မတ်လ) အတွင်း ပြီးစီးဖွယ်ရှိသောကြောင့် အဆိုပါ စည်ပင်သာယာရေး ဥပဒေကြမ်းသည် အမြန်ဆုံး အတည်ပြုနိုင်ရန် မရှိကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

“ပထမတော့ အတည်ပြုနိုင်မယ် ထင်တာ။ ကျွန်တော်တို့က လေ့လာရင်း လေ့လာရင်းနဲ့ ဒီဥပဒေက တစ်ခုလုံးနီးပါးကို ပြင်ရမယ့် ဥပဒေကြီး ဖြစ်နေတယ်လို့ ကျွန်တော်တို့က စဉ်းစားတာ။ ဒါပြီးမှပဲ ရွေးကောက်ပွဲ (စည်ပင်သာယာ) လုပ်မှာကို။ ရွေးကောက်ပွဲ လုပ်ဖို့ရက်လည်း သိပ်မရှိတော့ဘူး။ အတည်ပြုပြီးရင်လည်း နည်းဥပဒေက သုံးလလောက် ကြာဦးမှာ”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက တင်သွင်းခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း၏ အခန်း (၆) တွင် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရန် အာဏာပိုင်အဖွဲ့များ၊ ဌာနများနှင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်းများ ပြုလုပ်ရမည်ဟု ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများတွင် တည်ဆောက်ရေး လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ အပန်းဖြေလုပ်ငန်းများနှင့် အခြား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေကြမ်း ကော်မတီကလည်း အဆိုပါ အခန်း (၆) တွင် ပါဝင်သည့် အာဏာပိုင် အဖွဲ့အစည်းများ၊ ဌာနများနှင့် စီးပွားရေး လုပ်ငန်းများ ဖွဲ့စည်းခြင်း ခေါင်းစဉ်အောက်တွင် အဆိုပါ အဖွဲ့အစည်းများအတွက် ရှင်းလင်းသော ဖွဲ့စည်းပုံကို ရေးဆွဲထားခြင်း မရှိကြောင်း သုံးသပ်ထားသည်။

J-08



FOLLOW US