News

POST TAGGED AS

ဦးဖြိုးမင်းသိန်း

မိုးရာသီအကုန်တွင် ရန်ကုန်မြို့သစ် စီမံကိန်း စမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား၊ လွှတ်တော်ကျော်ပြီး ဘာမှလုပ်လို့မရဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျဆို
ရန်ကုန်၊ ဇူလိုင် ၂၀

ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ယခုနှစ် မိုးရာသီအကုန်တွင် မြေပြင် အကောင်အထည် ဖော်ခြင်းများ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်များ အဋ္ဌမအကြိမ်မြောက် ပုံမှန် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့ရဲ့ တိုးပွားနေတဲ့ လူဦးရေကို လျှော့ချနိုင်ဖို့အတွက် ရန်ကုန်မြို့သစ် စီမံကိန်းဟာ လာမယ့် ပွင့်လင်းရာသီမှာ စတင် အကောင်အထည် ဖော်နိုင်မယ့် အခြေအနေရှိပါတယ်”ဟု ၎င်းက ဆိုသည်။ 

ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အေးရွာအပါအဝင် တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့၏ အဆိုပြု ခန့်မှန်းမြေဧရိယာ သုံးသောင်းခန့်တွင် အကောင်အထည်ဖော် တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း တိုင်းအစိုးရထံမှ သိရသည်။ 

ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်မှုနှင့် ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ပြန်လည် စတင်ပါက ဆွေးနွေးမည်ဖြစ်ပြီး တိုင်းလွှတ်တော်တွင် ဆွေးနွေး၍ လွှတ်တော်ခွင့်ပြုချက် ရပြီးမှသာ တည်ဆောက်ခွင့်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ခွင့်ပြုပြီးမှသာ ဥပဒေနှင့်ညီမည်ဖြစ်ကြောင်း ပြောကြားသည်။

“သူ့အနေနဲ့ ဘယ်လောက်ပဲ ဆောင်ရွက်မယ်လို့ မိုးပျံအောင် ပြောပြော၊ လွှတ်တော်ကျော်ပြီး ဘာမှ လုပ်လို့မရဘူး။ လွှတ်တော်မှာ ဆွေးနွေး အတည်ပြုပြီးမှသာ ဥပဒေနဲ့အညီဖြစ်မယ်။ လာမယ့်လွှတ်တော်မှာတော့ ဆွေးနွေးခွင့် ရပြီးပါပြီ။ လွှတ်တော် ဘယ်တော့ ပြန်စမလဲတော့ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။

ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ လက်ထက်ကလည်း ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်မြို့ အနောက်ဘက် ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် တွံတေးမြို့နယ်များတွင် တည်ရှိပြီး ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းကြားရှိ မြေနေရာများ၌ အကောင်အထည်ဖော်ရန် လျာထား လုပ်ဆောင်ခဲ့သည်။

အဆိုပါ စီမံကိန်းကို လူသိနည်းသည့် အများပိုင် ကုမ္ပဏီတစ်ခုကို တရားဝင် လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းအပေါ် ဝေဖန်မှု များစွာ ထွက်ပေါ်ခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ချိန်တွင် ဒေါက်တာ ဒေါ်ညိုညိုသင်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရသည်။

ယင်းနောက် အဆိုပါစီမံကိန်းမှာ ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့သစ် တည်ဆောက်ရေးတွင် အကောင်အထည်ဖော် တည်ဆောက်မည့် ကော်မတီအမည်ကို “New Yangon Corporation”ဟု အမည်ပေးထားပြီး အဆိုပါ လုပ်ငန်းကော်မတီကို ယခုအစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခင် အစိုးရလက်ထက်က စာချုပ် ချုပ်ဆိုခဲ့သည့် ကုမ္ပဏီများကို စာချုပ် ဖျက်သိမ်းပြီး တိုင်းဒေသကြီး အစိုးရက ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲရန် စီစဉ်၍ အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။ 

J-11, J 08



FOLLOW US