News

POST TAGGED AS

ဦးငွေကိုင်

နှစ်ပေါင်း ရှစ်ဆယ်နီးပါးသက်တမ်းရှိ ဦးငွေကိုင်လက်ရာ ပန်းချီကားများကို မှုရင်းအတိုင်း ပြုပြင်မွမ်းမံမည်
ထားဝယ်၊ သြဂုတ် ၉

ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီးဘုရားရှိ ဦးငွေကိုင်၏လက်ရာ ပန်းချီကားများကို မူရင်းအတိုင်း ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။

ထားဝယ်သား ပန်းချီဆရာကြီး ဦးငွေကိုင် ၁၉၄၀ ခုနှစ် ဝန်းကျင်က ရေးဆွဲခဲ့သည့် ပန်းချီကား ၂၇ ချပ် အပါအဝင် ရှင်မုတ္ထီးဘုရားရှိ ပန်းချီကား ၄၀ ချပ်ကို ပြုပြင်ရန်အတွက် ရန်ပုံငွေ သိန်းနှစ်ရာကျော် ခွင့်ပြုပေးထားကြောင်း ယင်းဌာနခွဲ ဦးစီးအရာရှိ ဒေါ်ကြူကြူသန်းက ပြောသည်။

ပျက်စီးမှုများရှိလာသည့် မူရင်းပန်းချီကားများကို တာရှည်အထားခံနိုင်ရန်အတွက် မှန်ဘောင်များ ပြုပြင်ခြင်း၊ ပိုးကျနေသည့် ပန်းချီကားတချို့ကို ဓာတုဗေဒနည်းဖြင့် ပိုးသတ်ခြင်း စသည်တို့ကို သာဆောက်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပန်းချီကားများကို အသစ်ပြန်လည်ရေးဆွဲမည်မဟုတ်ဟု ဒေါ်ကြူကြူသန်းက ဆိုသည်။

“ပြုပြင်မှုတွေလုပ်ပြီးရင် နောက်ထပ် နှစ်သုံးဆယ်လောက်အထိ တာရှည်အထားခံနိုင်လာလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
 
ယင်းပန်းချီကား အားလုံးကို တစ်ပြိုင်တည်း ပြုပြင်မည်မဟုတ်ဘဲ တစ်ကြိမ်လျှင် ပန်းချီကား ၅ ချပ်ကိုသာ ပြုပြင်မည်ဖြစ်သည်။

ပထမဆုံး ပြုပြင်မည့် ပန်းချီကား ၅ ချပ်ကို သြဂုတ်လ ၂ ရက်က ရန်ကုန်မြို့ကို ပို့ပေးထားကြောင်း ရှင်မုတ္ထီးဘုရားကြီး သြဝါဒ ဆရာတော် ဦးဣန္ဒဝံသက မိန့်သည်။

“မူရင်း ပန်းချီကို လုံးဝမထိဘူး။ တန်ဖိုးဖြတ်လို့မရတဲ့ ဦးငွေကိုင် ပန်းချီကားတွေ ပျောက်ပျက်သွားမှာစိုးလို့ တာရှည်ခံအောင် ထိန်းသိမ်းမှုလုပ်တာပါ”ဟု ဆရာတော် ဦးဣန္ဒဝံသက မိန့်သည်။

ရှင်မုတ္ထီးဘုရားတွင် ပန်းချီဆရာ ဦးထွန်းမြိုင်၊ ဦးဘိုးအောင်၊ ဦးငွေကိုင်၊ ဦးဘထွန်းတင် စသည့် ပန်းချီဆရာလေးဦး၏ ပန်းချီကား တစ်ရာနီးပါး ချိတ်ဆွဲထားကြောင်း ရှင်မုတ္ထီးဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

Dawei Watch



FOLLOW US