News

POST TAGGED AS

ဦးဝင်းထိန်

07-Jul-2017

NLD ဦးဝင်းထိန်
တြိဂံဆက်ဆံရေး ချိန်ခွင်လျှာညီမှ အစိုးရ အောင်မြင်မည်ဟု ဦးဝင်းထိန်ဆို
မန္တလေး၊ ဇူလိုင် ၇

အစိုးရ၊ လွှတ်တော်နှင့် ပါတီ စသည့် အဖွဲ့အစည်းသုံးခု၏ တြိဂံဆက်ဆံရေး ချိန်ခွင်လျှာညီမှ အစိုးရ အောင်မြင်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

“ဗမာလိုဆိုရင်တော့ သဟဇာတဖြစ်ဖို့အတွက် ကြိုးစားပြီးတော့ ဆောင်ရွက်ဖို့ဆိုတာ အားလုံးရဲ့တာဝန်ပဲ။ တိုင်းနဲ့ ပြည်နယ် တော်တော်များများ သွားတဲ့အခါမှာ ဘာတွေ့ရသလဲဆိုတော့ ရာထူးရသွားတဲ့ သူတွေက ကိုယ့်တာဝန်အရ တာဝန်ထမ်းဆောင်တဲ့အခါမှာ တာဝန်ဆိုတဲ့ကြောင့်ပဲလား၊ တခြားအကြောင်းကြောင့်ပဲလားတော့ မသိဘူး။ ကိုယ့်မဲဆန္ဒနယ် သွားရင်တောင်မှ ကိုယ့်မဲဆန္ဒနယ်ထဲက  ပုဂ္ဂိုလ်တွေ၊ ပါတီအဖွဲ့အစည်းတွေကို မတွေ့ဘဲနဲ့ လျစ်လျူရှုတာ အကြိမ်ကြိမ်ဖြစ်တယ်။ ဒါ တိုင်းနဲ့ပြည်နယ် အားလုံးမှာ။  ဒါတွေကို ရှောင်ကြဉ်ဖို့ဆိုပြီး ကျွန်တော် အမြဲတမ်း နှိုးဆော်ပါတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

လွှတ်တော်တွင် တာဝန်ရှိသူဖြစ်စေ၊ အစိုးရအဖွဲ့တွင် တာဝန်ရှိသူဖြစ်စေ မိမိတို့၏ မဲဆန္ဒနယ်မှ တင်မြှောက်လိုက်သဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ တင်မြှောက်နိုင်ရန် အတွက်လည်း ပါတီခေါင်းဆောင်များ၊ အောင်နိုင်ရေးအဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်မှုများကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျွန်တော်တို့ အစိုးရဟာ နှစ်လပဲ ခံမယ်လို့ ကောလာဟလ ဖြစ်တယ်။ နောက်ကျတော့ ခြောက်လပဲ ခံမယ်လို့ ကောလဟာလ ဖြစ်တယ်။ ဟော အခုကျတော့ အသံတွေ တိတ်သွားပြီ။ တိတ်သွားတော့  နိုင်ငံတော်အာဏာရဲ့ မဏ္ဍိုင်ကြီးသုံးရပ်မှာ အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြုအာဏာနဲ့  တရားစီရင်ရေးအာဏာ၊ ကဏ္ဍသုံးရပ်မှာ ဥပဒေပြုယန္တရားနဲ့ အုပ်ချုပ်ရေးယန္တရားဟာတော့ အထိုက်အလျောက် မောင်းနှင်နေပြီ။ အဲဒီမှာ ကြည့်လိုက်ရင် ကြိုက်တာ မကြိုက်တာ၊ ထောက်ခံတာ မထောက်ခံတာ ဒါတွေတော့ ရှိမှာပဲ။ သို့သော်လည်းပဲ ပြိုလဲမယ်ဆိုတဲ့ အဆင့်တော့ မရောက်ပါဘူး” ဟု ၎င်းက သုံးသပ်ပြောဆိုထားသည်။

ပြည်သူ့ဝန်ထမ်းများ အနေနှင့် ပြည်သူ့တာဝန် ထမ်းဆောင်ကြရာတွင် ပေါ့လျော့သည့် ပုဂ္ဂိုလ်များ၊ ကဖျက်ယဖျက်လုပ်သည့် ပုဂ္ဂိုလ်များလည်း ရှိကြောင်း၊ မကြာမီ ထိုက်သင့်သည့် အရေးယူမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက သတိပေးသည်။



FOLLOW US