News

POST TAGGED AS

ဦးဝင်းတင်

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း နိုင်ငံရေး အကျဉ်းသားကို ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်၊ ဇွန် ၁၂

လက်ရှိ အကျဉ်းကျ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဘဝတူစာနယ်ဇင်းသမားများအတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက အလှူငွေ ၃၃ သိန်းကို ဇွန်လ ၁၂ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သော ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း၏ ၂၉ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဖောင်ဒေးရှင်းက လက်ရှိအကျဉ်းထောင်များတွင် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားလေးဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဘဝတူ စာနယ်ဇင်းသမား ၁၁ ဦးကို တစ်ဦးလျှင် ငွေကျပ် ၂ သိန်းစီနှင့် NLD လူငယ်ဘုံရိပ်သာသို့ ငွေကျပ် ၃ သိန်း စုစုပေါင်း ၃၃ သိန်း လှူဒါန်းခဲ့သည်။

ဖောင်ဒေးရှင်းအနေနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို စီးပွားရေးအရ ကူညီပေးနိုင်ရန် ယခုကဲ့သို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို ၂၀၁၂ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး သုံးလတစ်ကြိမ် ပေးအပ်လေ့ရှိကြောင်း ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဦးထွန်းကြည်က ပြောသည်။

ထောက်ပံ့ငွေ ရွေးချယ်ပေးအပ်မှု နှင့်ပတ်သက်၍ ဖောင်ဒေးရှင်း အလုပ် အမှုဆောင် ဦးထွန်းကြည်က “အဓိက ကတော့ လာရောက်တဲ့သူတွေရဲ့ စိတ် ကျန်းမာရေး အခြေအနေကိုလည်း ကြည့်တယ်။ ပြီးတော့ လာလျှောက်တဲ့သူတွေက သက်ကြီးဝါကြီး ဖြစ်ရမယ်။ စီးပွားရေး အမှန်တကယ် ချို့တဲ့သူဖြစ်ရမယ်။ သား သမီး ကျောထောက်နောက်ခံ မရှိသူတွေကို ဦးစားပေးပါတယ်”ဟု ၎င်းက ရှင်းပြ ပြောဆိုသည်။

ထို့ပြင် ဖောင်ဒေးရှင်း၏ တွဲဖက် ဖြစ်သည့် ပုဇွန်တောင်မြို့နယ်ရှိ စေတနာ ဆေးကုခန်းတွင် နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏ မိသားစုဝင်များကို ကျန်းမာရေး စောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးနေပြီး လက်ရှိတွင် ဆေးခန်းအတွက် ဆေးဝါးလိုအပ်ချက်များ ရှိနေ ကြောင်း ၎င်းက ဆိုသည်။

“ဆေးခန်းက အရင်တုန်းကတော့ အဆင်ပြေတယ်။ ဆေးကုခန်းမှာ လူ အရေအတွက်က တစ်လကို တစ်ရာလောက်ပဲ လာတယ်။ ဒီနောက်ပိုင်းမှာတော့ လူနာတွေနဲ့ ဆေးဝါးတွေနဲ့ သဟဇာတ မဖြစ်တော့ဘူး။ လူက တစ်လကို လေးရာလောက် ရှိတယ်။ စေတနာဆေးခန်းအတွက် ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်”ဟု ၎င်းက ဆိုသည်။

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းအတွက် ပြည်တွင်း အလှူရှင်အဖြစ် MAX Myanmar ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က အဓိက ထောက်ပံ့ကူညီနေ ပြီး အခြား ပြည်ပအလှူရှင်များထံမှ ရန်ပုံငွေများ ရရှိနေကြောင်း ဖောင်ဒေးရှင်း အလုပ်အမှုဆောင်များထံမှ သိရသည်။

ဟံသာဝတီ ဖောင်ဒေးရှင်းအနေနှင့် ယနေ့အချိန်ထိ ဖမ်းဆီးသတ်ဖြတ်ခံ နိုင်ငံရေးအကျဉ်းသား ၁ ဦး၊ နိုင်ငံရေး အကျဉ်းသား ၁၆၁ ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဘဝတူစာနယ်ဇင်း သမား ၆၃၂ ဦးတို့အတွက် ထောက်ပံ့ငွေ ၁၉၁၉ သိန်း ထောက်ပံ့ပေးခဲ့ပြီဖြစ်ကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိသူများထံမှ သိရသည်။

ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေ ရရှိလိုသူများ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အလုပ်အကိုင် ရှာဖွေပေးမှု အစီအစဉ်များအတွက် အကူအညီ လိုအပ်သူများ အနေနှင့် ဖောင်ဒေးရှင်းရုံး၊ စေတနာဆေးကုခန်း၊ NLD အဖွဲ့ချုပ်ရုံး၊ ဒီလှိုင်းရုံးနှင့် နိုင်/ကျဉ်းရုံးတို့ကို ဆက်သွယ်၍ အကူအညီ တောင်းခံခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။

J-09



FOLLOW US