News

POST TAGGED AS

ဦးရဲထွန်း

အခြေခံဥပဒေပြင်ရန် မလိုသောနှင့် စီးပွားဆေးနည်း နှစ်ရပ်
နိုင်ငံ့စီးပွားရေး တိုးတက်အောင်၂၀၁၇ တွင် အာရုံစိုက်သင့်သော စီးပွားရေးဆိုင်ရာ ကဏ္ဍနှစ်ရပ် ရှိပါသည်။ ပထမတစ်ခုမှာ အခြေခံဥပဒေ ပြင်စရာ မလိုသော Institutions ကြီးသုံးခု။ ဒုတိယမှာ စီးပွားရေး ရေခံမြေခံကောင်း Enabling environment ။ 

Institutions ကြီးသုံးခု

အခြေခံဥပဒေ ပြင်ရေးနှင့် ဆက်စပ်ပြီး Institutions ကြီး သုံးခုကို လူပြောအလွန်များသည်။ စင်စစ် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် မဆက်စပ်သလောက် အရေးအလွန်ကြီးသော Institutions ကြီးလည်း သုံးခုပင် ရှိပါသည်။

ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့သည် လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေး ရည်မှန်းချက်များအရရော၊ လက်ရှိအုပ်ချုပ်ရေး အခက်အခဲများအရရော အများဆုံး ရည်ညွှန်းခံရသည့် Institutions ကြီးသုံးခု ဖြစ်သည်။ အဓိက Institutions ကြီး သုံးခု ဖြစ်သည့် ထိုဝန်ကြီးဌာန သုံးခုတို့ကို တပ်က ယူထားသည်ကိုသာ အာရုံစိုက်တတ်ကြသည်။

သို့သော် ယင်းတို့ကဲ့သို့ အခြေခံဥပဒေတွင် နေရာအပေးမခံရ၊ လူပြောသူပြော မများသော်လည်း အရေးကြီးသည့် Institutions ကြီးသုံးခု လက်ရှိအစိုးရလက်ထဲတွင် ရှိသည်ကို သတိမထားမိတတ်ကြ။ ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဌာနကြီး သုံးဌာနတို့ကိုသာ စနစ်တကျ တည်ဆောက်နိုင်လျှင် မြန်မာ့စီးပွားရေးအတွက် အရေးကြီးသော Institutions ကြီး သုံးရပ်ကို ရရှိမည်။ 

ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့သည် ပြည်ထဲရေး၊ ကာကွယ်ရေးတို့ထက် မသာလျှင်ပင် မလျော့သော Institutions ကြီး သုံးခု ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီကို တည်ဆောက်နိုင်အောင် ထမ်းတင်ပေးမည့်၊ စီးပွားရေးကို မောင်းနှင်ပဲ့ပြင်ပေးမည့် စီးပွားရေး Institutions ကြီး သုံးခုဖြစ်ရာ ယင်းတို့ အားကောင်းမောင်းသန် ဖြစ်မှသာ နိုင်ငံ့စီးပွားရေး စိတ်ချရမည်။ သူတို့ကို ပြင်ဆင်ရန်၊ ပြောင်းလဲရန်ကိုလည်း အခြေခံဥပဒေက တားမြစ်ထားခြင်းလည်း မရှိ။ အစအဆုံးသည် လက်ရှိအစိုးရ၏ လက်ထဲတွင်ပင် ရှိသည်။ ယင်းသုံးခုကိုသာ အားကောင်းမောင်းသန် ဖြစ်အောင် မြှင့်တင်ပေးနိုင်လျှင် ယနေ့အစိုးရ၏ အောင်မြင်မှုကြီး ဖြစ်ပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြန်မာပြည်သူ ပြည်သားတို့ကို ငွေကြေးအမွေ မပေးနိုင်ဟု ထင်ရသော်လည်း အထက်ပါ စီးပွားရေး Institutions ကြီး သုံးရပ်ကို အဆင့်မြှင့်ပေးနိုင်ခဲ့လျှင် ဥစ္စာအမွေပေးခဲ့သည်နှင့် မခြားဖြစ်လိမ့်မည်။ 

ထိုစီးပွားရေး Institutions ကြီး သုံးရပ်ကို ပြုပြင်ပြောင်းလဲရာတွင်လည်း နီးစပ်ရာပုဂ္ဂိုလ်နှင့် မဟုတ်ဘဲ လုပ်တတ်ကိုင်တတ်သူများ၊ သက်ဆိုင်ရာ နယ်ပယ်တွင် ပြည်တွင်းပြည်ပ ထင်ရှားကျော်ကြားသူများကို  ရွေးချယ်ခန့်ထားနိုင်လျှင် ပိုမိုထိရောက်မည်။ 

ဗဟိုဘဏ်သည် ဖော်ပြပါ Institutions ကြီးသုံးခုအနက် နာမည်အကြီးဆုံး အပြောခံရဆုံး ဖြစ်သည်။ အထူးသဖြင့် ဒေါ်လာဈေး တက်လျှင်သော် လည်းကောင်း၊ ကျလျှင်သော် လည်းကောင်း အထုအထောင်း ခံရတတ်သည်။ စင်စစ် ဒေါ်လာဈေးနှင့် ပတ်သက်နေသော ဒေါ်လာဈေး အတက်အကျကို ထိန်းညှိရမည်မှာ ဗဟိုဘဏ်၏ တာဝန်ဖြစ်သော်လည်း စီးပွား/ကူးသန်းနှင့် စီမံ/ဘဏ္ဍာတို့နှင့်လည်း ဆက်စပ်နေသည်။ သို့သော် ဗဟိုဘဏ်ကိုသာ အာရုံစိုက်နေကြသဖြင့် အလားတူ အရေးကြီးသော Institutions ကြီးနှစ်ခု ဖြစ်သည့် စီးပွား/ကူးသန်းနှင့် စီမံ/ဘဏ္ဍာတို့ကို မျက်စိမှောက်နေကြသည်။ စင်စစ် ပို့ကုန်သွင်းကုန် အနေအထား၊ အစိုးရ၏ ဘတ်ဂျက်လိုငွေ၊ အရန်ငွေကြေး ပမာဏ၊ ပြည်သူတို့၏ အစိုးရပေါ် ယုံကြည်မှုတို့သည် ဒေါ်လာဈေးပေါ်တွင် သက်ရောက်ကြသည်။

ယင်း Institutions ကြီးများကို ပြုပြင်ပြောင်းလဲခြင်းသည် အစိုးရ၏ စီးပွားရေး မူဝါဒပေါ်တွင်လည်း တည်သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်မှ စီးပွားရေး လုပ်ငန်းကြီးများကို မည်မျှ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးမည်လဲ ဆိုသော မေးခွန်းသည် ‘အစိုးရက မည်မျှပါဝင်မည်၊ ဈေးကွက်ကို မည်မျှလွတ်လွတ်လပ်လပ် ထားမည်’ ဟူသော State Market အချိုးအဆပေါ် မူတည်သည်။ ဗဟိုဘဏ်ကို အမည်ခံ လွတ်လပ်ခွင့် ပေးမည်လား၊ စိတ်ကြိုက်ဆုံးဖြတ်စေမည်လား၊ အနီးကပ် ကြီးကြပ်မည်လား ဆိုသည်တို့သည်လည်း လက်ရှိအစိုးရ၏ စီးပွားရေး မူဝါဒပေါ် တည်သည်။ 
မည်သို့ပင်ဖြစ်စေ အထက်ပါ စီးပွားရေး Institutions ကြီး သုံးရပ်ကိုသာ ပိုတောင့်တင်းအောင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ  ရှိနေပါသည်။

စီးပွားရေး ရေခံမြေခံ

စီးပွားရေး ရေခံမြေခံကောင်းအောင် လုပ်ရာတွင်လည်း အခြေခံဥပဒေ ပြင်ဆင်ရန် မလိုပါ။

စီးပွားရေး ရေခံမြေခံအနက် ကမ္ဘာ့ဘဏ်က ပုံမှန်ထုတ်ဝေသည့် Doing Business Ranking ‘စီးပွားရေး လုပ်ကိုင်ခြင်း စံ’ အလွယ်တကူ ရှိသောကြောင့် လူအများအတွက် စီးပွားရေး လုပ်ရကိုင်ရ လွယ်ကူမှုဟူသော ပေတံဖြင့်သာ တိုင်းလိုပါသည်။ ယင်းပေတံသည် နိုင်ငံပေါင်း ၁၉၀ တွင် စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှုကို တိုင်းတာစံသတ်မှတ်ပေးသည်။ စီးပွားရေး စတင်လုပ်ကိုင်ခြင်း၊ လျှပ်စစ်မီးရယူခြင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ခြင်း၊ ချေးငွေရယူခြင်း၊ အခွန်ဆောင်ခြင်း စသည့်  ပေတံခွဲ ၁၁ ချောင်းဖြင့် ပေတံကို တည်ဆောက်ထားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် မြန်မာတွင် ရင်းနှီးမြှုပ်နှံလျှင် ပြန်ရမည့် အကျိုးအမြတ်၊ ဆုံးရှုံးနိုင်ခြေတို့ကို တွက်ရာတွင် စီးပွားရေး လုပ်ကိုင်ရလွယ် မလွယ်ကို ထည့်သွင်းစဉ်းစားကြသည်။ 

၂၀၁၇ အတွက် ရည်ရွယ်ထုတ်ဝေသော Doing Business ၂၀၁၇ တွင် မြန်မာသည် နိုင်ငံပေါင်း ၁၉၀ အနက် အဆင့် ၁၇၀ ချိတ်သည်။ မြန်မာနှင့် နီးစပ်သော အိမ်နီးချင်းနိုင်ငံများ၏ အဆင့်ကို အနည်းငယ် ကြည့်လိုက်လျှင် မြန်မာ၏ အခြေအနေကို မြင်သာသည်။ အရှေ့တောင်အာရှ အားကစားပွဲများတွင် မြန်မာ၏အောက်သို့ ပုံမှန်ရောက်လေ့ ရှိသဖြင့် မြန်မာတို့က အထင်သေးသော ကွန်မြူနစ် ကုန်းတွင်းပိတ်နိုင်ငံ လာအိုသည် အဆင့် ၁၃၉ ရှိရာ မြန်မာထက် အဆင့် ၃၁ ဆင့် မြင့်သည်။ ကြိုးနီစနစ် ရှုပ်ထွေးသည်ဟု နာမည်ကြီးသော အိန္ဒိယသည် အဆင့် ၁၃၀။ တရုတ်သည် အဆင့် ၇၈။ ထိုင်းနှင့် မလေးရှားသည် ၄၆ နှင့် ၂၃ အသီးသီး ရှိသည်။ မြန်မာတို့ နှစ်၂၀ အတွင်း ကျော်တက်ရန်  ရည်မှန်းထားသော စင်ကာပူဆိုလျှင် အဆင့် ၂။ မြန်မာ့အဆင့်သည် ၁၇၀ ဖြစ်ရာ သတင်းဆိုး ဖြစ်သော်လည်း သတင်းကောင်းလည်း ဖြစ်သည်။ ၁၇၀ ရောက်နေသည့်အတွက် အဆင့်အလွန်နိမ့်ပြီး သတင်းဆိုး၊ သို့သော် အထက်သို့ တက်စရာ အများကြီး ရှိနေသည့်အတွက် သတင်းကောင်းလည်း ဖြစ်သည်။ 

ခိုင်မာတောင့်တင်းသော စီးပွားရေးကို တည်ဆောက်လိုလျှင်၊ တိုင်းသူပြည်သားတို့ အလုပ်အကိုင် ရရှိစေလိုလျှင်၊ မြန်မာ့ထုတ်ကုန်များ နိုင်ငံခြားသို့ တင်ပို့စေလိုလျှင် မြန်မာနိုင်ငံသားတို့ စီးပွားရေး လုပ်ရကိုင်ရ လွယ်ကူရပေလိမ့်မည်။ စီးပွားရေး လုပ်ရခက်ခဲသော နိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လိုစိတ် နည်းပါးကြသလို အကျိုးအမြတ်လည်း နည်းပါးလိမ့်မည်။ 

စီးပွားရေး ကောင်းလာအောင် ပြုပြင်စရာ အခြားအခြားသော အကြောင်းအရာများစွာ ရှိပါသော်လည်း  အခြေခံဥပဒေပြင်ရန် မလိုသော Institutions ကြီး သုံးခုနှင့် စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှုတို့ကိုသာ  ယခုဆောင်းပါးတွင် မီးမောင်းထိုးပြလိုပါသည်။ 

ဇေယျသူ



FOLLOW US