News

POST TAGGED AS

ဦးပါမောက္ခ

မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ဦးစီး၍ နိုင်ငံတော်သမ္မတကို ဂုဏ်ပြုထောက်ခံ


ရန်ကုန်၊ ဧပြီ ၁

မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ဦးစီး၍ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့် ဂုဏ်ပြုထောက်ခံကြိုဆိုပွဲကို ဧပြီလ ၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် လူအင်အား တစ်ရာကျော်ဖြင့် ပြုလုပ်ခဲ့သည်။

ဦးပါမောက္ခသည် ၂၀၁၆ ဧပြီလက ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့တွင် ရိုဟင်ဂျာအမည်သုံးစွဲမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွင် ဦးဆောင်ခဲ့သူတစ်ဦးအဖြစ် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပြင် ငြိမ်းစုစီ ဥပဒေဖြင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၈ မတ်လ ၁၀ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီးနောက် ပထမဆုံး ဦးဆောင်ပြုလုပ်သည့် ထောက်ခံပွဲလည်းဖြစ်သည်။

“သမ္မတအသစ်ဦးဝင်းမြင့်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ဆောင်ရွက်တဲ့ကိစ္စတွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ဦးဝင်းမြင့်ဖြစ်လာရင်တော့ သမ္မတအောက်ကသွားတဲ့ လယ်ယာမြေကိစ္စတွေဟာ ရာနှုန်းပြည့်ကောင်းလာမှာဖြစ်တယ်။ ဒါကြောင့် လာထောက်ခံတာပါ၊ အကြောင်းမဲ့ထောက်ခံတာ မဟုတ်ဘူး”ဟု မကွေးကျောင်း ဆရာတော်ဦးပါမောက္ခက မိန့်ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလများ၌ လယ်သမားရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များအပေါ်တွင် ပြောဆိုခဲ့မှုများကြောင့် လက်ရှိသမ္မတအဖြစ် ပြောင်းလဲတာဝန်ယူခြင်းကို ထောက်ခံကြိုဆိုပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ တရားရေးဝန်ထမ်းဘဝကနေ တက်လာတာဖြစ်လို့ အဂတိလိုက်စားမှုတွေကို နိုင်နိုင်နင်းနင်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။ အကျဉ်းသားဘဝကို ကိုယ်တိုင်ဖြတ်သန်းလာခဲ့သူဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ယုံကြည်ချက် အကျဉ်းသားတွေရဲ့ ဘဝကိုစာနာ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်”ဟု ဦးအောင်သူရိန်ထွန်း (တရားလွှတ်တော်ရှေ့နေ) က ဆိုသည်။

နိုင်ငံတော်သမ္မတ ကြိုဆိုထောက်ခံပွဲတွင် လယ်သမားအရေး ဆောင်ရွက်သူများ၊ နိုင်ငံရေးတက်ကြွလုပ်ရှားသူများ ပူးပေါင်းပါဝင်ခဲ့ပြီး ဦးအောင်သူရိန်ထွန်း (တရားလွှတ်တော်ရှေ့နေ)၊ ကိုဝေဠု(နိုင်ငံရေးတက်ကြွလှုပ်ရှားသူ) နှင့် ဦးမြင့်သိန်း (တောင်သူလယ်သမား) တို့ကလည်း ပါဝင်ဟောပြောခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်က နုတ်ထွက်သွားပြီးနောက် နိုင်ငံတော်သမ္မတအသစ်အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း ဖြစ်သည်။

J-14



FOLLOW US