News

POST TAGGED AS

ဦးပါမောက္ခ

ဦးပါမောက္ခကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် သုံးလ အမိန့်ချ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

လှည်းတန်းလမ်းဆုံမှ အမေရိကန်သံရုံးရှေ့အထိ ချီတက်ဆန္ဒထုတ်ဖော် ဟောပြောရာတွင် ပါဝင်ခဲ့သည့် ဆရာတော်ဦးပါမောက္ခကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၁၀ နာရီက ကမာရွတ်မြို့နယ် တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်သုံးလ ကျခံစေရန် အပြီးသတ်အမိန့်ချမှတ်လိုက်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

ထောင်ဒဏ်အမိန့်ချရသည့် ဆရာတော် ဦးပါမောက္ခမှာ ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိသော ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းဟု သုံးနှုန်းဖော်ပြခဲ့မှုအပေါ် ကန့်ကွက်ကြောင်း လှည်းတန်းလမ်းဆုံမှ အမေရိကန်သံရုံးရှေ့အထိ ချီတက်လမ်းလျှောက် ဆန္ဒထုတ်မှုကြောင့် ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားလိုပြု ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

တရားရုံး ဦးတိုက်လျှောက် တရားစွဲဆိုမှုတွင် ဆရာတော်ဦးပါမောက္ခ အပါအဝင် ဦးသုစိတ္တ၊ ဦးဥာဏဓမ္မနှင့် လူပုဂ္ဂိုလ်များဖြစ်သည့် ဦးဝင်းကိုကို၊ ဦးနောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ ဦးနေဝင်းအောင်၊ ဦးသက်မျိုးဦးတို့ပါဝင်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တရားစွဲဆိုထားသည့် လူပုဂ္ဂိုလ်လေးဦးကို ပုဒ်မ ၅၀၅ (ခ) အရ အလုပ်နှင့် ထောင်ဒဏ်ခြောက်လ၊ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ အရ အလုပ်နှင့်ထောင်ဒဏ် တစ်လစီကျခံစေရန် ကမာရွတ်မြို့နယ် တရားရုံးမှ အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။

ဆရာတော် ဦးပါမောက္ခမှာလည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခံရပြီးနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အမှုအား အကျဉ်းသားအဖြစ်နှင့် အမှုရင်ဆိုင်ခဲ့ပြီးနောက် ယနေ့တွင် ယင်းအမှုကို ကမာရွတ်မြို့နယ် တရားသူကြီးက အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်က ကွယ်လွန်သွားရှာပါပြီ။ အမိန့်ပယ်ဖျက်ပေးဖို့ ခရိုင် တိုင်း အထက်အဆင့်ဆင့်ထံ အယူခံဝင်မှာပါ။”ဟု အမိန့်ချမှတ်ပြီးနောက် တရားရုံးမှ ထွက်လာစဉ် ဆရာတော် ဦးပါမောက္ခက မီဒီယာများကို မိန့်ကြားခဲ့သည်။

အမိန့်ချမှတ်ခံရပြီးနောက် တရားရုံးမှအထွက်တွင် ဆရာတော်ဦးပါမောက္ခက ပင့်သံဃာတော် ၅၅ ပါးကို ကမာရွတ်တရားရုံးအရှေ့တွင် သင်္ဃန်းဒွိစုံ ဆက်ကပ်လျှုဒါန်းခဲ့သည်။

ထောင်ဒဏ်သုံးလ အမိန့်ချမှတ်ခံရသည့် ဦးပါမောက္ခမှာ ချုပ်ရက်များ ထုတ်နှုတ်ခံစားခွင့်ရှိသဖြင့် လက်ရှိချုပ်ရက်များအရ မကြာမီ ရက်ပိုင်းအတွင်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်တော့မည် ဖြစ်ကြောင်း ဦးပါမောက္ခ၏ တပည့်ရင်းဖြစ်သူ ဦးအောင်မြိုင်ထံမှသိရှိရပြီး ယင်းအမှုမှ တရားစွဲဆိုခံထားရသည့် ရဟန်းနှစ်ပါးဖြစ်သော ဆရာတော် ဦးသုစိတ္တနှင့် ဦးဥာဏဓမ္မတို့ကို ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03




FOLLOW US