News

POST TAGGED AS

ဦးထင်ကျော်

02-May-2017

ဦးထင်ကျော်
နိုင်ငံတော် တိုးတက်ရေး အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းကြိုးပမ်းရန် သမ္မတ တိုက်တွန်း
ရန်ကုန်၊ မေ ၁

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားများနှင့် အလုပ်ရှင်များ ပူးပေါင်းကာ ပြိုင်တူကြိုးပမ်းအားထုတ်ကြရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ် မေလ ၁ ရက်တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။

၂၀၁၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ယင်းသို့ တိုက်တွန်းထားခြင်း ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားများ၏ လုပ်အားနှင့် အလုပ်သမား အင်အားထု၏ အင်အားသည် အဓိကကျပြီး ယင်းအလုပ်သမားများအတွက် အလုပ်အကိုင် ဖန်တီးပေးနေသည့် အလုပ်ရှင်သည်လည်း မရှိမဖြစ် လိုအပ်သည့် မိတ်ဖက်တစ်ဦး ဖြစ်ကြောင်း သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

“ဒီမိတ်ဖက်နှစ်ဦးရဲ့ ဟန်ချက်ညီတဲ့တွန်းအားက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ အရွေ့ကို ဖြစ်ပေါ်စေမယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒါကြောင့် နိုင်ငံတကာမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေမှုများကို စံနမူနာယူပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တူညီတဲ့အင်အားနဲ့ ပြိုင်တူ ကြိုးပမ်းအားထုတ်ကြဖို့ အလေးအနက် တိုက်တွန်းရင်း သဝဏ်လွှာကို ပေးပို့လိုက်ပါတယ်” ဟု သမ္မတ ဦးထင်ကျော်က သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

အစိုးရသစ်အနေနှင့် လုပ်နည်းလုပ် ဟန်ပြောင်းလဲပြီး ကဏ္ဍပေါင်းစုံတွင် တိုးတက်အောင် ဆောင်ရွက်ရာတွင် အလုပ်သမားရေးရာ ကဏ္ဍတွင်လည်း လူမှုရေး တရားမျှတမှုအပေါ် အခြေခံသည့် အစိုးရအဖြစ် အလုပ်ရှင်၊ အလုပ်သမား၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ရေးသားထားသည်။

ထို့ပြင် အလုပ်သမား ဥပဒေများကို နိုင်ငံတကာ ဒေသဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန် လက်ရှိဥပဒေများကို ဥပဒေပညာရှင်များ၊ ILO နှင့် ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများနှင့် အကြံဉာဏ်များ ရယူကာ ပြင်ဆင်ဆောင်ရွက်နေပြီး လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ၊ နိုင်ငံခြားသား အလုပ်သမား ဥပဒေတို့ မရှိသေးသည့်အတွက် အသစ်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နိုင်ကြောင်း သဝဏ်လွှာအရ သိရသည်။

ထို့ပြင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားရေးရာ ကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Myanmar Migrant Workers’ Reporting Counter များ ဖွင့်လှစ်ထားသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Migrant Resource Center (MRC)  ရုံးများ ဖွင့်လှစ်ထားပြီး ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ လုံခြုံစိတ်ချမှု ရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

အလားတူ ကိုရီးယား၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် မြန်မာအလုပ်သမား သံအရာရှိများကို ခန့်အပ်ထားပြီး ယင်းနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများရေးရာ ကိစ္စရပ်များကို ဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ် နောက်ပိုင်း ကျင်းပပြုလုပ်ခြင်း မရှိသော အလုပ်သမားနေ့ အခမ်းအနားကို မေလ ၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ ပြန်လည်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို မကွေးတိုင်း ဝန်ကြီးချုပ် အပါအဝင် ရေနံမြေ အလုပ်သမား ၁၀၀၀ ခန့် တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ သဝဏ်လွှာ အပါအဝင် နိုင်ငံရေးပါတီ အသီးသီး၏ သဝဏ်လွှာများကို ဖတ်ကြားခြင်းများကို ပြုလုပ်ခဲ့သည်။

အလားတူ ရန်ကုန်မြို့တွင် ကမ္ဘာ့အလုပ်သမားများနေ့ အခမ်းအနားများကို ရန်ကုန်မြို့ MCC ခန်းမနှင့် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန်မှတ်တိုင်အနီး၊ ကနောင်ခန်းမတို့တွင် ပြုလုပ်ခဲ့ပြီး အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်သူ့လွှတ်တော် အလုပ်သမား၊ လယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။  

(ပုံစာ - လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ပြုလုပ်သည့်  အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်လာသူများ)

J-09



FOLLOW US