News

POST TAGGED AS

ဦးထင်ကျော်

သမ္မတ ဦးထင်ကျော် အောက်တိုဘာ ၂၅ ရက်တွင် ဗီယက်နမ် သွားမည်

ရန်ကုန်၊ အောက်တိုဘာ ၂၂

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဗီယက်နမ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

သမ္မတ ဦးထင်ကျော် အနေနှင့် ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်း အောက်တိုဘာလ ၂၅ ရက် ၂၆ ရက်တွင် ကျင်းပမည့် အာဆီယံ CLMV ထိပ်သီး အစည်းအဝေးနှင့် မဲခေါင်ဒေသ ကမ္ဘာ့စီးပွားရေး ဖိုရမ်များသို့ တက်ရောက်သွားမည်ဖြစ်ပြီး ဗီယက်နမ် သမ္မတနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက The Voice သို့ ပြောကြားသည်။

သမ္မတ ဦးထင်ကျော်၏ အထက်ပါ ခရီးစဉ်သည် လေးရက်တာ ကြာမြင့်မည်ဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း ဦးကျော်ဇေယျက ဆိုသည်။

“နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ပေါ့။ ဘာတွေ ဆွေးနွေးမလဲ ဆိုတာတော့ ပုံမှန်တော့ ပြောပြလေ့တော့ မရှိသေးဘူး။ ဟိုဘက်က ဆွေးနွေးချက်တွေပေါ် မူတည်မှာပေါ့”ဟု ၎င်းကရှင်းပြသည်။

ဗီယက်နမ်နိုင်ငံ၏ သမ္မတက ထိုသို့ လာရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး သမ္မတ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်ပါ ယင်းခရီးစဉ်သို့ လိုက်ပါမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း လာမည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ထားသည်။ 



FOLLOW US