News

POST TAGGED AS

ဦးကိုကိုကြီး

ပါတီအမည်နှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာအပေါ် ဦးကိုကိုကြီးရှင်းလင်း
ရန်ကုန်၊ ဇွန် ၁၇ 

ရှစ်လေးလုံး ပြည်သူ့ပါတီအမည်နှင့် အလံ၊ တံဆိပ်တို့ကို ပြန်လည်ပြင်ဆင်ရန် ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာအပေါ် နိုင်ငံရေးပါတီတစ်ရပ်ဖြစ်မြောက်ရေး ကော်မတီခေါင်းဆောင် ဦးကိုကိုကြီးက သတင်းစာရှင်းလင်းခဲ့သည်။

ပါတီအမည်ကိစ္စအပါအဝင်ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲကို တောင်ဥက္ကလာပမြို့နယ်ရှိ နိုင်ငံရေးပါတီတစ်ရပ်ဖြစ်မြောက်ရေးကော်မတီရုံးခန်းတွင် ဇွန်လ ၁၇ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ ကော်မရှင်၏ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် မျှတမှုမရှိကြောင်းနှင့် ကော်မရှင်သည် ထိုဥပဒေကို ကျော်လွန်၍ ဆုံးဖြတ်ခဲ့သည်ဟု ဦးကိုကိုကြီးက ဝေဖန်ခဲ့သည်။

ဦးကိုကိုကြီးအပါအဝင် ပါတီထူထောင်လိုသူများက ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် နိုင်ငံရေးပါတီတစ်ရပ်ဖြစ်မြောက်ရေး ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး “ရှစ်လေးလုံးပါတီ” အမည်ဖြင့် ၂၀၁၇ ခုနစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့သည်။ 

ယင်းအမည်နှင့် ပတ်သက်ပြီး နိုင်ငံရေး အသိုင်းအဝိုင်းမှ အငြင်းပွားမှု၊ အပြင်းအထန်ကန့်ကွက်မှုများကြောင့် “ရှစ်လေးလုံး ပြည်သူ့ပါတီ” ဟု အမည်ပြောင်းကာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်တွင် ထပ်မံလျှောက်ထားခဲ့သည်။

ထိုသို့ထပ်မံလျှောက်ထားမှုကြောင့် ဧပြီလ ၂၆ ရက်တွင် ကော်မရှင်မှပါတီတည်ထောင်ခွင့်ပြုခဲ့ပြီး မေလ ၅ ရက်တွင် ပါတီအမည်နှင့် အလံ၊ တံဆိပ်တို့ကို အများကန့်ကွက်နိုင်ကြောင်းကြေညာခဲ့ပြီးနောက် တစ်လကျော်အကြာ ဇွန်လ ၁၄ ရက်တွင် အဆိုပါ ပါတီအမည်နှင့် အလံ၊ တံဆိပ်တို့ကို ပြန်လည်ပြင်ဆင်ရန် ကော်မရှင်က နိုင်ငံရေး ပါတီဖြစ်မြောက်ရေးကော်မတီသို့ အကြောင်းပြန်ကြားခဲ့သည်။

အဆိုပါ ပါတီအမည်နှင့်ပတ်သက်ပြီး နာမည်ပြောင်းသင့်၊ မပြောင်းသင့် အပါအဝင် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို နိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်ရေးကော်မတီနှင့် ပါတီတည်ထောင်လိုသူများက ဇွန်လ ၂၄ ရက်တွင် ပြန်လည်ဆွေးနွေးမည်ဖြစ်သည်။

ဝေလင်း



FOLLOW US