News

POST TAGGED AS

ဥပဒေကြမ်း

ငြိမ်း စု စီ ဥပဒေပြင်ဆင်ချက်နှင့် ပတ်သက်၍ လူ့အခွင့်အရေး ကော်မရှင် ကြေညာချက်ထုတ်
ရန်ကုန်၊ မတ် ၂၀

ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ချက်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ပြန်စဉ်းစားရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မတ်လ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပြင်ဆင်သည့် ဥပဒေသည် အများပြည်သူကို ထိခိုက်နိုင်သည့်အတွက် ဆွေးနွေးမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသိရန် ယခုကဲ့သို့ထုတ်ပြန်ခြင်း ဖြစ်သည်။

“အစိုးရက ဒီဥပဒေ ပြင်ဆင်လိုက်ရင် အများပြည်သူကို ထိခိုက်နိုင်သလား ပြန်စဉ်းစားဖို့ လိုနေပြီ။ တချို့ဆန္ဒပြပွဲတွေက နိုင်ငံတော်လုံခြုံရေးကို ထိခိုက်အောင် အများပြည်သူကို ထိခိုက်အောင်လုပ်ရင် ဥပဒေအရ တားလို့ရတယ်။ လွှတ်တော်မှာ ဒီကိစ္စကို ဆွေးနွေးမှုမလုပ်ခင် လွှတ်တော်ကိုယ်စားလှယ်တွေကို သတိထားမိအောင် ထောက်ပြတာပါ”ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဆိုသည်။

အဆိုပါ ဥပဒေကို ကန့်ကွက်မှုများ ရှိနေသော်လည်း မတ်လ ၇ ရက်က အမျိုးသားလွှတ်တော်တွင် မဲခွဲ၍ အတည်ပြုခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၆၀ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၈၀ က ထပ်မံ ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ်(၁၉) နှင့် အပိုဒ် (၂၀) တွင် လူတိုင်း လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသည်ဟုလည်းကောင်း၊ လူတိုင်း ငြိမ်းချမ်းစွာ စုဝေးခွင့် ရှိသည်ဟုလည်းကောင်း ပါရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းအချက်များအရ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ယင်းဥပဒေ ပြင်ဆင်ချက်သည့် အများပြည်သူကို ထိခိုက်မှုများရှိနေသည်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေကြောင်း ၎င်းက ပြောကြားသည်။

ငြိမ်း စု စီ ဥပဒေကို ၂၀၁၁ ခုနှစ်က ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ပြင်ဆင်ထားပြီး ယခုထပ်မံပြင်ဆင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

J-18



FOLLOW US