News

POST TAGGED AS

ဥပဒေမူကြမ်း

အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းကို ပြန်ပြင်မည်


ရန်ကုန်၊ ဩဂုတ် ၂

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားသော အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းကို ပြန်ပြင်ရန် အစိုးရ၊ လွှတ်တော်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီနှင့် ကျောင်းသားသမဂ္ဂများ သဘောတူခဲ့ကြောင်း ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသားကိုယ်စားလှယ်များထံမှ သိရှိရသည်။

အဆင့်မြင့်ပညာဦးစီးဌာန၊ လွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီနှစ်ရပ်၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီနှင့် ကျောင်းသားသမဂ္ဂ ၆၀ ကျော်မှ ကိုယ်စားလှယ်များ ဩဂုတ် ၁ ရက် မွန်းလွဲ ၁ နာရီမှ ည ၁၁ နာရီအထိ နေပြည်တော်တွင် ဆွေးနွေးပြီးနောက် ထိုသို့သဘောတူခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံရာတွင် ပါဝင်ခဲ့သော ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုသက်မောင်မောင်က “ပြင်ဆင်ရေးဆွဲမယ်ဆိုတာ အဆင့်မြင့်ပညာဦးစီးဌာန၊ ပါမောက္ခချုပ်များကော်မတီရဲ့ လုပ်ငန်းစဉ်အရပါ။ ကျွန်တော်တို့က တောင်းဆိုတာမဟုတ်ဘူး။ သူတို့ဆွဲထားတဲ့ ဥပဒေမူကြမ်းက ကျွန်တော်တို့ကျောင်းသားတွေရဲ့ အသံလည်းမပါဝင်သေးဘူး။ အခု ရေးဆွဲမယ့်ဟာမှာ ကျွန်တော်တို့ကျောင်းသားတွေရဲ့အသံလည်း ပါဝင်မယ်ပေါ့”ဟု ပြောကြားသည်။

အဆင့်မြင့်ပညာရေး ဥပဒေကြမ်းကို ပြန်လည်ရေးဆွဲရာတွင် ပြန်လည်ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်း၍ ဆောင်ရွက်မည်ဖြစ်ပြီး ထိုအဖွဲ့တွင် တစ်နိုင်ငံလုံးမှ ကျောင်းသားသမဂ္ဂများက ရွေးချယ်သော ကိုယ်စားလှယ်များကို ပါဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။

ထို့ပြင် ကျောင်းသားသမဂ္ဂများ၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပါမောက္ခချုပ်များကော်မတီတို့ ပူးပေါင်း၍ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲများကျင်းပရေးနှင့် ထိုလုပ်ငန်းများ အကောင်အထည်ဖော်ရန်လိုအပ်သည့် အသေးစိတ်ကိစ္စများကို သုံးပွင့်ဆိုင်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာနအနေနှင့် အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းကို ၂၀၁၇ ခုနှစ် ဩဂုတ်လရက်စွဲဖြင့် ရေးဆွဲပြီးဖြစ်ကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် နေပြည်တော်၌ပြုလုပ်ခဲ့သော အခြေခံပညာ နှီးနှောဖလှယ်ပွဲ တက်ရောက်သူများကို ဖြန့်ဝေခဲ့သည်။ သို့သော် တိုက်ရိုက်သက်ဆိုင်သည့် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသားများထံ တရားဝင်ချပြခြင်း မရှိသေးပေ။

အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက “ကျွန်တော်တို့ အခုသွားနေတာက တက္ကသိုလ်ပဋိညာဉ်တစ်ခုချင်းစီနဲ့ သွားနေတာဗျ။ အဲဒီကျတော့ တစ်ကျောင်းချင်းစီက တက္ကသိုလ်ပဋိညာဉ်နဲ့သွားမယ်။ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ရအောင်လုပ်မယ်။ အဲဒါတွေသွားပြီးတော့မှ တက္ကသိုလ်တစ်ခုချင်းကို ခြုံငုံမိမယ့် အဆင့်မြင့်ပညာဥပဒေကြီးကို ရေးဆွဲရမှာ”ဟု ပြောကြားသည်။

ပြန်လည်ရေးဆွဲရာတွင် အမျိုးသားပညာရေးဥပဒေအရ ကျောင်းသား၊ မိဘ၊ ဆရာ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်သော ဝန်ကြီးဌာနများထံမှ အကြံဉာဏ်အားလုံးယူမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တက္ကသိုလ်အားလုံးနီးပါး တက္ကသိုလ်ပဋိညာဉ်များ ရေးဆွဲနေကြောင်း ၎င်းက ပြောဆိုသည်။

ကျောင်းသားသမဂ္ဂ ၆၀ ကျော်၏ တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဦးဆောင်ကာ တစ်နိုင်ငံလုံးမှ ကျောင်းသားများပါဝင်၍ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းဆိုင်ရာ ဆွေးနွေးပွဲကို မန္တလေးတက္ကသိုလ်တွင် ဩဂုတ်လ ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရှိရသည်။

ကျောင်းသားနှင့် ပြည်သူကိုအခြေခံသော အဆင့်မြင့်ပညာရေးဥပဒေဖြစ်ရေး ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်က ကျောင်းသား သမဂ္ဂ ၆၀ ကျော်စုပေါင်း၍ ပခုက္ကူတက္ကသိုလ်၌ မျက်နှာစုံညီအစည်းအဝေးပြုလုပ်ကာ တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနနှင့် တရားဝင်တွေ့ဆုံဆွေးနွေးရန် ဇူလိုင်လ ၁၇ ရက်တွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

J-19



FOLLOW US