News

POST TAGGED AS

ဥက္ကဋ္ဌ

06-Jun-2018

ဗဟိုဘဏ် ဥက္ကဋ္ဌ
ဇူလိုင်လကုန်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးမည်
ရန်ကုန်၊ ဇွန် ၅

ဇူလိုင်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ဘဏ်ဥက္ကဋ္ဌနေရာ လျာထားသည့် ဦးစိုးဝင်းမှာလည်း စီမံ/ဘဏ္ဍာဝန်ကြီး ဖြစ်သွားသောကြောင့် ဘဏ်ဥက္ကဋ္ဌနေရာအတွက် မည်သူရောက်ရှိလာမည်ကို ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့များက စောင့်ကြည့်နေကြသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌနေရာကို သမ္မတက တိုက်ရိုက်ခန့်အပ်မည်ဖြစ်သောကြောင့် လူသစ်တစ်ဦးလည်း ဖြစ်နိုင်သကဲ့သို့ လက်ရှိဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကျော်မောင်ကိုလည်း ဆက်လက်တာဝန်ယူခိုင်းနိုင်ကြောင်း NLD ပါတီ၏ စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောကြားသည်။

“စီးပွားရေးကော်မတီအနေနဲ့တော့ လူလျာထားတာ မရှိပါဘူး။ အခုချိန်ထိ အစိုးရကနေ ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးအတွက် အင်တာဗျူးတာတွေ ဘာတွေတော့ မကြားမိသေးဘူး”ဟု ၎င်းက ဆိုသည်။

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ အမည်တင်သွင်းခဲ့စဉ်က စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးဘိုဘိုငယ်ပါဝင်ခဲ့ပြီး လစ်လပ်ခဲ့သည့် စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးနေရာကိုလည်း NLD ပါတီ စီးပွားရေးကော်မတီအဖွဲ့ထဲမှ ရွေးချယ်လိုက်သည့်အတွက် ဗဟိုဘဏ်ဥက္ကဋ္ဌနေရာကိုလည်း ကော်မတီမှ ရွေးချယ်နိုင်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်ဥက္ကဋ္ဌသက်တမ်းသည် ငါးနှစ်ရှိပြီး ဒါရိုက်တာအဖွဲ့ဝင်များ၏ သက်တမ်းသည် လေးနှစ်ဖြစ်ကြောင်း၊ ကျန်ဒါရိုက်တာ အဖွဲ့ဝင်များသည် သက်တမ်းကုန်သွားသည့်အတွက် ၂၀၁၇ ခုနှစ် ဇူလိုင်လက သမ္မတကလွှတ်တော်သို့ အမည်စာရင်းပေးပို့ကာ ဒါရိုက်တာအသစ်များ ရွေးချယ်ခန့်အပ်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ ငွေရေးကြေးရေး ပေါ်လစီများသည် ဗဟိုဘဏ်အပေါ်တွင် အများအပြားမူတည်နေသည့်အတွက် ဘဏ်လုပ်ငန်း အမှန်တကယ်ကျွမ်းကျင်ပြီး လုပ်ရဲကိုင်ရဲသည့် ဘဏ်ဥက္ကဋ္ဌတစ်ဦး လိုအပ်နေကြောင်း၊ လက်ရှိအခြေအနေမှာ ဝန်ဆောင်မှုအသစ်တစ်ခု ထုတ်သည့်အခါ ယင်းဝန်ဆောင်မှု၏ ဆုံးရှုံးနိုင်ခြေပမာဏကို ကြည့်နေသည့်အတွက် ဘဏ်များအနေနှင့် လုပ်သာကိုင်သာသည့် အခြေအနေမရှိကြောင်း ဘဏ်လုပ်ငန်းရှင်အချို့က ဆိုသည်။

“ဘဏ်စည်းကမ်းတွေ ရုတ်တရက်ကြီးထုတ်တယ်။ အောက်ခြေမှာ အဆင်မပြေတော့ ပြန်ပြီးဖြေလျှော့တယ်။ ဘဏ်တွေက တခြားဟာတွေနဲ့ လုံးလည်ချာလည် ဖြစ်နေတော့ တခြားငွေလွှဲဝန်ဆောင်မှုတွေ ပြည်တွင်းမှာ ထပ်ပေါ်လာတယ်။ ဘဏ်တွေ တကယ်လုပ်နိုင်တဲ့ ပေါ်လစီတွေထုတ်ပြီး ပြည်သူတွေက ဘဏ်ဝန်ဆောင်မှုတွေကို လက်လှမ်းမီလာအောင် လုပ်သင့်တယ်”ဟု ဘဏ်လုပ်ငန်းကျွမ်းကျင် သူတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

J-13



FOLLOW US