News

POST TAGGED AS

ဥက္ကဋ္ဌ

လူ့အခွင့်အရေးကော်မရှင် အကျဉ်းထောင်နှင့် အကျဉ်းစခန်းအားလုံး ယခုနှစ် အပြီးစစ်မည်
ရန်ကုန်၊ မေ ၂၃

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံရှိအကျဉ်းထောင်နှင့် အကျဉ်းစခန်းများကို စစ်ဆေးလျက်ရှိရာ လက်ရှိတွင် လက်ကျန်အကျဉ်း ထောင် ၆ ခုနှင့် အကျဉ်းစခန်း ၉ ခု ယခုနှစ်ကုန်အပြီး စစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးယုလွင်အောင်က ပြောကြားသည်။

“အရေးကြီးကိစ္စမပေါ်ရင် ကျန်တဲ့ အကျဉ်းထောင်ခြောက်ခုနဲ့ အကျဉ်းစခန်းတွေက သုံးလလောက်နဲ့စစ်ပြီးတယ်။ ဒီနှစ်ကုန် အလွန်ဆုံးပါပဲ”ဟု ၎င်းက ဆိုသည်။

အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ရှိ၊ မရှိ သိရှိရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းသည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှစ၍ ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်အထိ မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၃၈ ခု၊ အချုပ်ထောင် ၂ ခု၊ အကျဉ်းစခန်း ၃၈ ခုတို့ကို စစ်ဆေးပြီးခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။

အကျဉ်းထောင်များတွင် အဓိက လိုအပ်ချက်အနေနှင့် ကျန်းမာရေးဝန်ထမ်း မလုံလောက်မှု၊ လူဦးရေ ကျပ်တည်းမှု၊ ရေချိုးကန် မလုံလောက်မှု၊ အိမ်သာ မလုံလောက်မှု၊ ထောင်ဝင်စာ တွေ့ဆုံသည့် အခန်းမလုံလောက်မှု စသည့်ပြဿနာများ၊ အကျဉ်းထောင်တစ်ခု စစ်ဆေးမှုပြီးစီးပါက တစ်ကြိမ်၊ တစ်နှစ်ချင်းအလိုက် ပေးပို့သော အစီရင်ခံစာများတွင် တစ်ကြိမ် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြုနေကြောင်း ဦးယုလွင်အောင် ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် မကွေး၊ လောက်ကိုင်၊ ကျိုက်မရော အကျဉ်းထောင်သုံးခုမှာ လူမနေခြင်း၊ ဆောက်လုပ်ဆဲဖြစ်ခြင်းတို့ကြောင့် စစ်ဆေးရန် ဖယ်ထုတ်ခဲ့ပြီး မိတ္ထီလာ၊ မိုးညှင်း၊ ဖျာပုံ၊ ပခုက္ကူ၊ မအူပင်၊ ကျိုက်မရောတို့မှ အကျဉ်းထောင် ၆ ခုကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

အလားတူ စစ်ဆေးရမည့်အကျဉ်း စခန်း ၉ ခုရှိပြီး ဧရာဝတီတိုင်းတွင် တက္ကသဲ၊ ဆားမလောက်၊ ပဲခူးတိုင်းတွင် ကျိုက်စကော၊ ရွှေမြယာ၊ မန္တလေးတိုင်းတွင် ဘဲလင်း (၁)၊ ဘဲလင်း (၂)၊ ဘုရားငါးဆူနှင့် တနင်္သာရီတိုင်းတွင် ကျောက်ဖြူတောင်၊ နတ်စင်ကုန်းအကျဉ်းစခန်းများ ပါဝင်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံမှသိရသည်။ 

J-17



FOLLOW US