News

POST TAGGED AS

ဥက္ကဋ္ဌ

ကောင်းမွန်တဲ့ ဥပဒေပြုရေး လမ်းစဉ်တစ်ရပ် ဘယ်အချိန်မှ ပေါ်ထွက်မလဲ
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ကတည်းက စတင်ကျင်းပလာတဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်တွေဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ ရဲ့ ပုံမှန် အစည်းအဝေးတွေဟာ အခုဆိုရင် ပြီးဆုံးခါနီးကာလကို ရောက်လာနေပါပြီ။ နှစ်စဉ် နှစ်တိုင်း ပြုလုပ်နေကျအတိုင်းဆိုရင် အခုလို မတ်လ တတိယပတ် မကြာမီ ကျရောက်လာတော့မယ့် တပ်မတော်နေ့မတိုင်မီ ပြီးဆုံးလေ့ ရှိတတ်ပါတယ်။ ဒီနှစ်မှာလည်း ပုံမှန်ဆိုရင် ယခုသီတင်းပတ်အတွင်း ပြည်ထောင်စုလွှတ်တော်မှာပြုလုပ်နေတဲ့ အစည်းအဝေး အစီအစဉ်တွေအရဆိုရင် ဒီသီတင်းပတ်ထဲမှာ ပြီးဆုံးမယ့် အခြေအနေရှိနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်ရာသီမစမီ မတ်လအတွင်းမှာ ပုံမှန်ပြဋ္ဌာန်းပေးနေကျဖြစ်တဲ့ အမျိုးသားစီမံကိန်းဥပဒေနဲ့ အရအသုံးဆိုင်ရာ ဥပဒေတို့ကိုတော့ ပြီးခဲ့တဲ့ရက်တွေက ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးကာ နိုင်ငံပိုင်သတင်းစာတွေမှာ ရက်အလိုက်ခွဲပြီး ထုတ်ပြန်ခဲ့ပြီး ဖြစ်တာကိုလည်း အားလုံး သိကြပြီးဖြစ်ကြမှာပါပဲ။ ကျန်နေတာကတော့ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ။ ဒီဥပဒေကြမ်းကိုလည်း မတ်လ ၂၀ ရက်နေ့မှာ အတည်ပြု ဆုံးဖြတ်တော့မယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက မတ်လ ၁၉ ရက်နေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ကြေညာသွားခဲ့ပါပြီ။ ဒါဆိုရင် ဒီဥပဒေကြီး သုံးခုပြီးရင်တော့ ပြည်ထောင်စုအဆင့် လွှတ်တော်တွေဟာ နှစ်ဦးသင်္ကြန်ကာလ မတိုင်မီ ခေတ္တ ရပ်နားကြတော့မှာပါ။

ဒါပေမဲ့လည်း ဒီနှစ်တော့ဖြင့် ပုံမှန်နှစ်တွေနဲ့ မတူဘဲ တစ်မူထူးလာတဲ့ဥပဒေကြမ်း တစ်ခုကြောင့် အဆိုပါ ဥပဒေကြမ်းကြီးသုံးခု အတည်ပြုပြီး သော်လည်း လွှတ်တော် အစည်းအဝေးတွေ ရပ်နားနိုင်သေးမယ် မထင်သေးပါဘူး။ အကြောင်းကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့က အမျိုးသားလွှတ်တော်မှာ စတင် တင်သွင်းဆွေးနွေးခဲ့တဲ့ ငြိမ်း စု စီ ဥပဒေကြမ်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ဘက်မှာရှိတုန်းက လွှတ်တော်ပြင်ပမှာရော အတွင်းက ကိုယ်စားလှယ် ၁၃ ဦးတို့ကပါ ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင်နဲ့ ထွက်ပေါ်လာပေမယ့်လည်း မူလအဆိုပြုခဲ့တဲ့အတိုင်းသာ ပြဋ္ဌာန်းဖို့ မတ်လ ၅ ရက်နေ့မှာ အတည်ပြုဆုံးဖြတ်ခဲ့ပြီး ဥပဒေပြုရေး လုပ်ငန်းစဉ်အရ ပြည်သူ့လွှတ်တော်ဘက်ကိုပေးပို့ထားဆဲ ဥပဒေကြမ်း (Bill) အဆင့်သာ ရှိနေပါသေးတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၄)ပါ ဥပဒေပြုရေး လုပ်ငန်းစဉ်အရ ပြည်သူ့လွှတ်တော်ဘက်မှာလည်း မတ်လ ၉ ရက်နေ့က လွှတ်တော်ကို ပြန်လည်အသိပေးခဲ့ကြပြီး အဲ့ဒီနေ့မှာပဲ ဥပဒေကြမ်းကော်မတီက တစ်ခါတည်း အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ပြင်ဆင်ချက်အဆို တင်သွင်းကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်း တောင်းခံထားခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဒီနေ့ထိတော့ ပြည်သူ့လွှတ်တော်ဘက်မှာ လွှတ်တော်အတွင်း ပြန်လည် ဆွေးနွေးတာတွေ မကြားကြရသေးပေမယ့် လွှတ်တော်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူတွေထံက ထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင် ဒီဥပဒေကြမ်းအပေါ် ဆွေးနွေးကြမယ့် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၈၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေတို့အရဆိုရင် အခုလို ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လွှတ်တော်အတွင်းမှာ တစ်ဦးချင်းစီကို အချိန်တစ်ချိန် သတ်မှတ်ပေးပြီး အလှည့်ကျ ဆွေးနွေးစေကြရဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် ထိုက်သင့်တဲ့အချိန်တစ်ခုတော့ ယူရဦးမယ်ဆိုတဲ့အဖြေတော့ ထွက်လာပါတယ်။ ပထမထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် ဒီဥပဒေကြမ်းကိုလည်း ဒီသတ္တမ ပုံမှန်အစည်းအဝေး ကာလအတွင်းမှာတင် ပြီးပြတ်အောင် ဆွေးနွေးအတည်ပြုပြီး ပြဋ္ဌာန်းပေးသွားဖို့ စီစဉ်ခဲ့ပုံပေါ်ပေမယ့်လည်း အခုလို အခြေအနေတွေအကြားမှာတော့ ဒီဥပဒေကြမ်းဟာ လိပ်ခဲတည်းလည်း ဖြစ်သွားနိုင်ခြေကပ်နေပါပြီ။ ပြည်သူ့အသံ၊ လွှတ်တော်အသံလို့ ဆိုထားတာနဲ့အညီ ပြင်ပလူမှုအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေက အချက် အလက်ပေါင်းစုံနဲ့ထောက်ပြပြီး မပြဋ္ဌာန်းသင့်ဘူးလို့ ဆိုထားတာကို လွှတ်တော်အတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက နားစိုက် ထောင်ပြီး မဲအသာစီးနဲ့ မဆုံးဖြတ်ခဲ့ဘူးဆိုရင်တော့ ဒီဥပဒေကြမ်းဟာ မပြဋ္ဌာန်းသင့်တဲ့ အခြေအနေဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။

ဒီလိုပြောရတဲ့အကြောင်းကလည်း ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄)ပါ ဥပဒေပြုရေးလုပ်ငန်းစဉ်အရ ဆိုရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ကို တန်းတူရည်တူ အခွင့်အရေးပေးပြီး တူညီတဲ့ဥပဒေပြုရေးအာဏာ အပ်နှင်းထားတာမို့ လွှတ်တော်တစ်ရပ်က လုပ်တာကို ကျန်လွှတ်တော်တစ်ရပ်က သဘောမတူပေးတာ၊ ခွင့်မပြုပေးတာ လုပ်လို့ရပါတယ်။ ဒီလို သဘောမတူလို့ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲတဲ့ ဥပဒေအဖြစ် ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ကြရတဲ့ ဖြစ်စဉ်ပေါင်း များစွာလည်းရှိနေခဲ့ပြီးသားပါ။

အမှန်ဆိုရင် အမျိုးသားလွှတ်တော်ဘက်က အခုလို ရေးဆွဲတင်သွင်းပြီး ဆွေးနွေးဆုံးဖြတ်လိုက်တဲ့ ဥပဒေကြမ်းတစ်ခုကို ပြည်သူ့လွှတ်တော်ဘက်က ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူ့အသံတွေ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒတွေ၊ ကျန်ပါတီစုံရဲ့ဆွေးနွေးချက် သဘောထားတွေကို တလေးတစားပြုပြီး ဒီဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်တွေဟာ မပြဋ္ဌာန်းသင့်ဘူးလို့သာ တူညီတဲ့ဆန္ဒနဲ့ မဲပြိုင်တူပေးပြီး ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဒါဟာ လွှတ်တော်ရဲ့ပုံရိပ်ကို မထိခိုက်စေသလို အုပ်ချုပ်ရေးအဖွဲ့ရဲ့ လိုအင်ဆန္ဒကိုလည်း အဆိပ်လောင်းပေးရာ မရောက်နိုင်ပါဘူး။ နတ်လူသာဓုခေါ်လို့ ဒီမိုကရေစီ ကျင့်စဉ်တွေကို လေးစားလိုက်နာတဲ့ လွှတ်တော်ကြီးအဖြစ်တောင် လူမှုအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေအကြားမှာ သတင်းကောင်းနဲ့ တစ်မဟုတ်ချင်း ကျော်ကြားသွားနိုင်ပါတယ်။

ဥပဒေပြုရေးမဏ္ဍိုင်ဆိုတာ အခြားမဏ္ဍိုင်တွေနဲ့ မတူညီတဲ့အချက်ကတော့ ပြည်သူတွေကိုယ်တိုင် ဒီမိုကရေစီနည်းကျ တိုက်ရိုက်ရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေ တစ်နေရာတည်းမှာ စုပြုံထိုင်ပြီး ပြည်သူတွေ အကျိုးရှိမယ့်ဥပဒေတွေ၊ နိုင်ငံတော်အတွက် အဓိကကျတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ကြတဲ့နေရာတစ်ခု ဖြစ်တာနဲ့အညီ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေး မဏ္ဍိုင်ဘက်ကို ပြန်လည် ထိန်းကျောင်းပေးဖို့ တာဝန်အရှိဆုံးပါပဲ။ ဥပဒေပြုရေးဟာ မိမိတို့ရဲ့ အဓိကတာဝန် ဖြစ်တာနဲ့အညီ ဥပဒေ တစ်ခုပြဋ္ဌာန်းပြီးခဲ့မယ်ဆိုရင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လွှတ်တော်အပေါ်မှာသာ တိုက်ရိုက် တာဝန်ရှိပါတယ်။ ကောင်းတဲ့ဥပဒေကိုပြုမိရင် ပြည်သူ့ယုံကြည်မှု ပိုမိုရပြီး သတင်းကောင်းနဲ့ ကျော်ကြားသွားနိုင်သလို မကောင်းတဲ့ဥပဒေတစ်ခုကို ရေးဆွဲပြဋ္ဌာန်းမိခဲ့မယ်ဆိုရင်လည်း ဆိုးသတင်းနဲ့ လူအများကဲ့ရဲ့ ဝေဖန်ရှုတ်ချစရာ ဖြစ်သွားတတ်ပါတယ်။

လွှတ်တော်အတွင်းက ကိုယ်စားလှယ်တွေ ကြည့်ရမယ့်မျက်နှာ၊ မျက်နှာမူရမယ့်အရပ်ဟာ ပြည်သူတွေရှိတဲ့ဘက်ကိုသာ ဖြစ်သင့်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ အကျိုးရှိမယ့်ဘက်၊ အာဏာရပါတီကို ကျားကန်ပေးမယ့်ဘက် မဖြစ်သင့်ပါဘူး။ ဒီဥပဒေကြမ်းသာ ဥပဒေ(Law)ဖြစ်သွားခဲ့ မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ဦးတည်လာနိုင်တဲ့အကြောင်း တွေကိုလည်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေ၊ ပြင်ပက သတင်း စာ ဂျာနယ်တွေရဲ့ဖော်ပြချက်တွေမှာ အများကြီး တွေ့ကြပြီးသား ဖြစ်တဲ့အတွက် ဒီနေရာမှာတော့ ထူးခြားမပြောတော့ပါဘူး။

အမျိုးသားလွှတ်တော်မှာတုန်းက ဒီဥပဒေကြမ်းမှာပါဝင်တဲ့ ပြဋ္ဌာန်းချက်တွေအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပါအဝင် အခြားပါတီတွေက ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးတာတွေ ရှိခဲ့ပေမယ့်လည်း နောက်ဆုံး မဲခွဲဆုံးဖြတ်ခဲ့တဲ့အချိန်မှာတော့ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၉၄ ဦးရှိတဲ့အနက် ထောက်ခံမဲ ၁၁၃ မဲ၊ ကန့်ကွက်မဲ ၇၈ မဲ ရလဒ်နဲ့ အတည်ပြုခဲ့တာပါ။ ဒီလိုပါပဲ အခုတစ်ခါ ပြည်သူ့လွှတ်တော်ဘက်မှာလည်း ကိုယ်စားလှယ် ၈၀ ဦးတို့က အကြောင်းအရာမျိုးစုံ၊ ရှုထောင့် အဖုံဖုံကြားကနေပြီး ကန့်ကွက်ဆွေးနွေးတာ၊ အချို့က ထောက်ခံတာတွေ ပြုလုပ်ကြပြီးတဲ့အခါမှာလည်း များရာမဲနဲ့သာ ဆုံးဖြတ် အတည်ပြုသွားဦးမှာလားဆိုတာလည်း ပြည်သူတွေက သိချင်နေကြပါတယ်။ ဒီနေရာမှာလည်း မဲခွဲဆုံးဖြတ်ကြတဲ့ကိစ္စကို ကြုံလို့ဆွေးနွေးချင်ပါသေးတယ်။

အမှန်ဆိုရင် ဥပဒေအကြောင်းအရာတစ်ခု (Issue of Law) ကို မဲခွဲဆုံးဖြတ်ကြတော့မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ ကြည့်ရှုစဉ်းစား ဆင်ခြင်ရမှာက ဥပဒေပြဋ္ဌာန်းချက်တစ်ခုရဲ့ အနှစ်သာရ (Spirit of Law) ကို ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြဋ္ဌာန်းချက်ဖြစ်မယ်၊ ပြည်သူနဲ့နိုင်ငံအတွက် အကျိုးရှိမယ်ဆိုရင် အထက်မှာပြောသလို ပြည်သူ့ဘက်ကိုသာ မျက်နှာမူပြီး မဲပေးကြရမှာပါ။ ပါတီဘက်ကို မျက်နှာမမူရပါဘူး။ လွှတ်တော်ဥက္ကဋ္ဌဘက်ကိုလည်း မျက်နှာမမူရသလို ဥပဒေပြဋ္ဌာန်းချက်ကိုသာ ဖြစ်သင့်ဖြစ်ထိုက်တာကို စဉ်းစားပေးမဲပေးကြရမှာပါ။ ဒါပေမဲ့လည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ပုံစံက ထုံးစံတစ်ရပ်လိုဖြစ်နေပြီး အခြားပါတီတစ်ခုခုကဖြစ်ဖြစ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကဖြစ်ဖြစ်၊ ဆန့်ကျင်ဘက်ပါတီဘက်ကဖြစ်ဖြစ် တစ်ခုခုကို ကန့်ကွက်ဆွေးနွေးလို့ မဲပေးခဲ့ရင်တော့ ဆွေးနွေးတဲ့အကြောင်းအရာကို မကြည့်တော့ဘဲ နိုင်ငံရေးဘက်ကိုသာကြည့်ပြီး ပါတီချင်းအားပြိုင်တဲ့ဘက်ကို ရောက်ရှိသွားနေကြတာ အင်မတန် စိတ်ပျက်ဖွယ်ရာ ကောင်းလှတဲ့အချက်ပါ။ ဒီအချက်ဟာ လွှတ်တော်အဆက်ဆက် ဥပဒေပြုရေးမဏ္ဍိုင်ကြီးအတွက် နာမည်ဆိုးနဲ့ကျော်ကြားသွားစေမယ့်ဘက်ကို ဦးတည်သွားနိုင်သလို ဒီအချက်ကိုလည်း ပြည်သူတွေအကြားမှာ လူပြောအတော်များနေခဲ့တာပါ။

ဒီအတွက် နိဂုံးချုပ်အနေနဲ့ ဆွေးနွေးချင်တဲ့အချက်ကတော့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ လွှတ်တော်တွေအနေနဲ့ ဥပဒေတစ်ခုကိုပြဋ္ဌာန်းတော့မယ်ဆိုရင် ပြည်သူတွေအကြားမှာ စစ်တမ်းဆင်းကောက် သုတေသနပြုတာတွေ၊ မူကြမ်း (Draft) စတင်ရေးဆွဲစဉ်ကတည်းက သတင်းမီဒီယာတွေကို ဖိတ်ကြားပြီး ကြိုတင်ရှင်းလင်းပြတာ၊ ပြင်ပမှာ ဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေလုပ်ပြီး သဘောထားအမြင်တွေ ဆွေးနွေးကြ စေတာ၊ လူထုအကြားကို စိမ့်ဝင်ပျံ့နှံ့အောင်လုပ်ပြီး ပြည်သူ့အသံကို များများ ပြန်နားထောင်တာတွေ လုပ်ပြီးမှ လိုလားချက်တွေကို ဥပဒေကြမ်း (Bill) အဖြစ်ပြုစုလို့ လွှတ်တော်အတွင်းမှာ တင်သွင်းစေသင့်ပါကြောင်းနဲ့ လွှတ်တော်အတွင်းမှာလည်း ဥပဒေပါ အကြောင်းအရာအပေါ်မှာသာ အားပြိုင် ဆွေးနွေးကြခြင်း၊ ပါတီတွေမူဝါဒတွေကို မေ့ထားပြီး ပြည်သူ့ဘက်ကိုသာ မျက်နှာမူကြခြင်းအားဖြင့် ကောင်းမွန်တဲ့ ဥပဒေပြုရေးလမ်းစဉ်တစ်ရပ်ကို အခြားနိုင်ငံများနည်းတူ အသက်သွင်းစေသင့်ပါကြောင်း စိတ်ကောင်းစေတနာနဲ့ ရေးသားတင်ပြလိုက်ရပါတယ်ဗျား။

အောင်ဇေယျ



FOLLOW US