News

POST TAGGED AS

အန္တရာယ်

အကြမ်းဖက်အဖွဲ့နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် “အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့”က ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် နေ့စွဲနဲ့ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၇ ကို “အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံရတဲ့ အဖွဲ့အစည်းကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်တောင်မြို့နယ်တွေမှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတဲ့ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေနဲ့ အဲဒီအကြမ်းဖက်သမားတွေအတွက် တာဝန်ရှိတဲ့ Arakan Rohinga Salvation Army (ARSA) တို့ကိုပဲ ဖြစ်ပါတယ်။အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို “အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ”အရ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေကို ၂၀၁၄ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၂၃) အရ ၄.၆.၂၀၁၄ ရက်နေ့က နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေရဲ့ အခန်း (၃)၊ ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ပုဒ်မ ၅(က)မှာ “ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာပြည် ထောင်စုဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းရမည်”ဟု ဆိုပြီးတော့ ပြဋ္ဌာန်းထားပါတယ်။

အဖွဲ့ရဲ့ကြေညာချက်မှာ “ဥပဒေပုဒ်မ(၆)င ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေညာလိုက်သည်”လို့ပါရတဲ့အတွက် ဥပဒေကို ပြန်ကြည့်လိုက်တဲ့အခါ အောက်ပါအတိုင်း တွေ့ရပါတယ်။

“ပုဒ်မ ၆(င)၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့်ဖြစ်စေ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြေညာချက်အရဖြစ်စေ အဖွဲ့အစည်း၊ အသင်းအဖွဲ့ သို့မဟုတ် အုပ်စုတစ်ခုခုကို အကြမ်းဖက်အုပ်စုအဖြစ်လည်းကောင်း၊ သူတစ်ဦးဦးကို အကြမ်းဖက်သမားအဖြစ်လည်းကောင်း သတ်မှတ်ကြေညာခြင်းနှင့် ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းခြင်း”လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဟာ ဖော်ပြပါကြေညာချက်ကို ဥပဒေနဲ့အညီ ထုတ်ပြန်ကြေညာခဲ့ တာဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း ကြေညာနိုင်ဖို့အတွက် အဖွဲ့အစည်းတစ်ခုဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပါ “အကြမ်းဖက်မှု”ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ညီညွတ်ဖို့ လိုပါတယ်။ ဥပဒေ ပုဒ်မ ၃(ခ)မှာ အကြမ်းဖက်မှု မြောက်စေတဲ့ ပြုမူဆောင်ရွက်ချက် ၁၈ ချက်ကို ပြဋ္ဌာန်းထားပါတယ်။ အဲဒီအထဲက လက်ရှိဖြစ်ပေါ်နေတဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်က ဖြစ်ရပ်တွေနဲ့ အကျုံးဝင်တဲ့ပြဋ္ဌာန်းချက် အချို့ကတော့ ပုဒ်မ ၃၊ ပုဒ်မခွဲ ခ(၈)အရ အခန်း ၁၁ ပါ ပြဋ္ဌာန်းချက်များ၊ ပုဒ်မ ၃၊ ပုဒ်မခွဲ ခ၊ ပုဒ်မခွဲငယ် (၁၀) (၁၃) (၁၅) (၁၆) (၁၇)နှင့် (၁၈)ပါ ပြဋ္ဌာန်းချက်များ အစရှိသည်တို့ပဲ ဖြစ်ပါတယ်။

အခန်း (၁၁) အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှု

ဥပဒေရဲ့ အခန်း(၁၁) ပုဒ်မ ၃၉ မှာ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ပြဋ္ဌာန်းထားတာကို တွေ့ရှိရပါတယ်။

“မည်သူမဆို သေစေရန် သို့မဟုတ် အပြင်းအထန် နာကျင်စေရန်သော်လည်းကောင်း၊ စီးပွားရေး နစ်နာဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်စေရန်သော်လည်းကောင်း၊ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေရန်သော်လည်းကောင်း ရည်ရွယ်၍ အောက်ပါပြုလုပ်မှု တစ်ခုခုကို ဥပဒေနှင့်မညီဘဲ တမင်ကျူးလွန်လျှင် အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုမြောက်သည် -

(က) အများပြည်သူ အသုံးပြုသည့်နေရာတွင်ဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင် ပစ္စည်းတစ်ခုခုတွင်ဖြစ်စေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် သို့မဟုတ် အခြေခံ အဆောက်အအုံ ပစ္စည်းတစ်ခုခုတွင်ဖြစ်စေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းကို ပေးအပ်မှု၊ စွန့်ပစ်မှု သို့မဟုတ် ဖောက်ခွဲမှု သို့မဟုတ် ယင်းတို့ကို ဖျက်ဆီးမှု။

(ခ) ပုဒ်မခွဲ (က) ၌ပါရှိသော ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန်အား ထုတ်မှု၊ အားပေးကူညီမှု၊ လှုံ့ဆော်မှု သို့မဟုတ် ထိုပြစ်မှုကျူးလွန်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်မှု။

(ဂ) အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုကျူးလွန်ရန် သို့မဟုတ် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှု ကျူးလွန်ရာတွင် အားပေးကူညီရန် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း၊ ဗုံး သို့မဟုတ် လက်နက်ကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု သို့မဟုတ် လက်ဝယ်ထားမှု စတာတွေပဲဖြစ်ပါတယ်။

ပုဒ်မ ၃(ခ) ပုဒ်မခွဲငယ် ၁၀၊ ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ပါ ပြဋ္ဌာန်းချက်များ 

ဥပဒေပါ ပုဒ်မတွေကို တန်းစီပြီး ဖော်ပြထားတဲ့အတွက် ဥပဒေပို့ချချက် သင်ခန်းစာတစ်ခုကို ဖတ်ရှုနေရတယ်လို့ မမှတ်ယူစေချင်ပါ။ မူရင်း ဥပဒေမှာ အခန်းပေါင်း ၁၉ ခန်းနဲ့ ပုဒ်မပေါင်း ၇၂ ခုရှိတဲ့အနက် အများ ပြည်သူတွေအနေနဲ့ လေ့လာသိရှိပြီး အကြမ်းဖက်အုပ်စုများကို ရှောင်ရှားနိုင်စေရန် သို့မဟုတ် အစိုးရနဲ့တပ်မတော်ကို ကူညီဆောင်ရွက်နိုင်စေဖို့အတွက် ပုဒ်မအနည်းငယ်မျှကိုသာ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါတယ်။

“အများပြည်သူကိုဖြစ်စေ၊ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံ အဆောက်အဦများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင် ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများ”၊

“အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ပေါ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း တစ်ခုခုအား ဥပဒေနှင့် မညီသည့်လုပ်ရပ်တစ်ခုခုကို အတင်းအကျပ် ပြုလုပ်စေခြင်း၊ ဥပဒေနှင့်အညီ ပြုလုပ်ရမည်ကို မပြုလုပ်စေဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ အရပ်သားကိုဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲ ဖြစ်နေသည့်အခြေအနေတွင် စစ်ပြိုင်မှု၌ ပါဝင်တိုက်ခိုက်ခြင်း မရှိသည့် အခြားသူတစ်ဦးဦးကိုဖြစ်စေ သေစေရန် သို့မဟုတ် အပြင်းအထန်နာကျင်စေရန်နှင့် အခြားပြုလုပ်မှု များ”၊

“အကြမ်းဖက်အုပ်စု တစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ သူတစ်ဦးဦးအား ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများ”၊

“အကြမ်းဖက်အုပ်စု ဖွဲ့စည်းရန်၊ အုပ်စုတစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန်၊ တာဝန်ပေး၍ လှုပ်ရှားဆောင်ရွက်စေရန် ပြုလုပ်မှုများ”၊

“အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ ဖမ်းဆီး၍ အရေးယူခြင်း မပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန်အလို့ငှာ ထိမ်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီ တည်းခိုနေထိုင်ခွင့်ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်းများ”အပြင် “အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ရေး စီစဉ်ပေးရန် ပြုလုပ်မှုများ စသည်တို့ဖြစ်ပါတယ်။

ပုဒ်မ ၄၀ မှာတော့ “သက်ဆိုင်ရာ လုပ်ငန်းကော်မတီသည် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာ ပြစ်မှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေးနှင့် အရေးယူ ဆောင်ရွက်ရေးတို့အတွက် အစီအမံများ ချမှတ်ပြီး ဆောင်ရွက်ခြင်း၊ တပ်ဖွဲ့ဝင်များအား ဆောင်ရွက်စေခြင်းနှင့် ကြီးကြပ်ခြင်းတို့ပြုရမည်”ဆိုပြီးတော့ ပြဋ္ဌာန်းထားပါတယ်။

အရေးကြီးပြီ သွေးစည်းကြစို့

အထက်ဖော်ပြပါ အချက်များအပြင် အခြားသော ပြဋ္ဌာန်းချက် များစွာပါဝင်တဲ့ ဒီဥပဒေဟာ ရေပက် မဝင်အောင် ပြည့်စုံကောင်းမွန်ပြီး နိုင်ငံတကာ အဆင့်အတန်း မီစေရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ အကြံဉာဏ်ကိုရယူပြီး အချိန်ယူ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေအရ အရေးယူဆောင်ရွက်မယ်ဆိုရင် အကြမ်းဖက် အဖွဲ့အစည်းများကို သာမက ငွေကြေး၊ နေရာ၊ သယ်ယူပို့ဆောင်ရေး အပါအဝင် ကူညီပံ့ပိုးသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် အရေးယူ ဆောင်ရွက်မှာဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပက ပါဝင်ပတ်သက်သူများကိုပါ အရေးယူ ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။

ယခုအခါ ပြည်သူတွေအနေနဲ့ အကြမ်းဖက်သမားတွေကို အမြစ်ကနေ တွန်းလှန်ချေမှုန်းဖို့ တောင်းဆိုနေကြပါတယ်။ အမြစ်ကနေ တွန်းလှန်ချေမှုန်းဖို့ဆိုရင် လက်နက်ကိုင် တိုက်ပွဲဆင်နွှဲရုံမျှနဲ့ မလုံလောက်ပါဘူး။ အဲဒီအဖွဲ့အစည်းတွေကို နောက်ကွယ်ကနေ နည်းလမ်း အမျိုးမျိုးနဲ့ ပံ့ပိုးကူညီနေကြသူတွေကိုပါ ဖော်ထုတ် အရေးယူနိုင်ဖို့ လိုပါတယ်။ ပြည်ပက ပါဝင်ပတ်သက်သူများကို အရေးယူ ဆောင်ရွက်နိုင်ဖို့အတွက်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ အနေနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့မှတစ်ဆင့် နိုင်ငံတကာ အစိုးရများထံ အသိပေး အကြောင်းကြားနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေ အနေနဲ့ စိတ်မရှည်ဖြစ်ရမှုတွေ၊ သည်းမခံနိုင်မှုတွေ၊ တစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ အားမလို အားမရဖြစ်ပြီး အပြစ်တင် ပြောဆိုမှုတွေကို ရှောင်ရှားကြပြီး အချင်းချင်း စည်းလုံးညီညွတ်စွာနဲ့ ဘုံရန်သူကို ရှာဖွေဖော်ထုတ်ကြဖို့ လိုပါပြီ၊ မိမိတို့ရဲ့ ရေးသားတင်ပြမှုတွေဟာလည်း ရန်သူအားရကျေနပ်မှု မဖြစ်စေဖို့၊ ရန်အားပေးမဖြစ်စေဖို့၊ ရန်သူ သတင်းပေးမဖြစ်စေဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့တို့ရဲ့ သတင်းထုတ်ပြန်ချက်များကို အလေးထား လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

သိန်းထက်အောင်



FOLLOW US