News

POST TAGGED AS

အန္တရာယ်

အကြမ်းဖက် သတ်ဖြတ်ခံရသည့် ရဲ ၃ ဦးနှင့် လဝက တစ်ဦး၏ အလောင်းများကို သင်္ဂြိုဟ်

မောင်တော၊ သြဂုတ် ၂၈

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့သော မောင်တောမြို့နယ် မြင်းလွတ်နယ်ခြားစောင့် ရဲစခန်းမှ ကျဆုံးသွားသည့် ရဲဝန်ထမ်း ၃ ဦးနှင့် လဝက ဝန်ထမ်းတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၇ ရက်နေ့ ညနေက မောင်တောသင်္ချိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

သြဂုတ်လ ၂၅ ရက်နေ့ အရုဏ်တက်ချိန်တွင် မြင်းလွတ်နယ်ခြားစောင့်ရဲစခန်း တိုက်ခိုက်ခံရပြီး မြင်းလွတ်နယ်မြေမှူး ဟိန်းထက်ကျော်၊ တပ်သား ဝင်းထိုက်၊ အလယ်သံကျော် ဒုလဝကမှူး ဦးဇာမောင်၊ ဇီးပင်ချောင်းကင်းစခန်းမှ တပ်သား မင်းသူရနိုင်နှင့် တပ်သား ဇာနည်ထွန်းတို့ဖြစ်ကြောင်း မောင်တော နယ်ခြားစောင့် ရဲကွက်ကဲရေးမှူးရုံးမှ အတည်ပြု ပြောကြားသည်။

၎င်းတို့ကို ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့် တပ်မတော်တော်၏ လုပ်ထုံးလုပ်နည်းအရ သေတမ်းစာ ဖတ်ပြီး သေနတ်ပစ်ဖောက်ကာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး တပ်သား မင်းသူရနိုင်၏ မိခင် ဒေါ်စန်းစန်းဌေးက သူ့သားအတွက် ဂုဏ်ယူမိကြောင်း ပြောဆိုသည်။

“သားအတွက် ကျွန်မ ဂုဏ်ယူပါတယ်။ နိုင်ငံ့ကိုကာကွယ်ပြီး အသက် ပေးလိုက်ရတာပါ။ ဒါပေမယ့် ကျွန်မသားကိုသတ်သွားတဲ့ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေကို တစ်ဦးမကျန် ရှင်းလင်းပေးဖို့က ကျွန်မရင်ထဲက အလိုချင်ဆုံး ဆန္ဒတစ်ခုဖြစ်ပါတယ်။”ဟု ပြောသည်။

အစွန်းရောက် ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကြောင့် တပ်မတော်သား ၁ ဦး၊ ရဲတပ်သား ၁၀ ဦးနှင့် ဒု လဝကမှူး ၁ ဦး အပါအဝင် ဘင်္ဂါလီကျေးရွာ အုပ်ချုပ်ရေးမှူး ၁၂ ဦး ၊ ဟိန္ဒူဘာသာဝင် ၆ ဦး သေဆုံးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒိုင်းနက်လူမျိုး ၂၀ ဦး ပျောက်ဆုံးနေ၍၊ အိမ်ခြေ ၄၂ လုံး၊ ဈေးဆိုင်ခန်း ၁၃ ခုနှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း မီးရှို့ခံခဲ့ရကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။



FOLLOW US