News

POST TAGGED AS

အန္တရာယ်

15-Aug-2017

အကြမ်းဖက်
ဘာကီနာဖာဆို အကြမ်းဖက်တိုက်ခိုက်မှုတွင် ၂၀ ဦး သေဆုံး
အူဂါဒူဂူ၊ သြဂုတ် ၁၄

ဘာကီနာဖာဆိုနိုင်ငံ မြို့တော်အော်ဂါ ဒိုဂူမြို့လယ်တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ၂၀ ဦးသေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အစိုးရက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

စားသောက်ဆိုင်တစ်ဆိုင်၏ အပြင်ဘက်တွင် ထိုင်နေသော စားသုံးသူများကို သေနတ်သမားသုံးဦးက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြော ကြားသည်။

သေနတ်သမားများကို လုံခြုံရေးတပ်ဖွဲ့များက ပစ်သတ်လိုက်ပြီ ဖြစ်သော်လည်း အဆောက်အအုံထဲတွင် လူအချို့ ပိတ်မိနေဆဲ ဖြစ်သည်ဟု ပြန်ကြားဆက်သွယ်ရေးဝန်ကြီး ရီမစ်ဒန်ဂျီနော့က ပြောကြားသည်။

မနှစ်က ဇန်နဝါရီလကလည်း ကော်ဖီဆိုင်တစ်ဆိုင်ကို ဂျီဟတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀ ခန့် သေဆုံးခဲ့ရပြီး ဖြစ်သည်။

ယခုတိုက်ခိုက်မှုသည် ဆာဟဲလ်ဒေသတွင် လှုပ်ရှားနေဆဲဖြစ်သော အယ်လ်ကေဒါအဖွဲ့ခွဲ၏ လက်ချက်ဖြစ်မည်ကို စိုးရိမ်ပူပန်မှု ရှိနေကြသည်ဟု သတင်းများက ဆိုသည်။

ယခုဖြစ်ရပ်တွင် တိုက်ခိုက်ရေးသမား မည်မျှ ပါဝင်ပတ်သက်ခဲ့သည်ကို မသိရသေးဟု ဝန်ကြီး ဒန်ဂျီနော့က ပြောကြား သည်။

“အကြမ်းဖက်သမားတွေဟာ သူတို့ တိုက်ခိုက်ခဲ့တဲ့ အဆောက်အအုံ တစ်နေရာမှာ ပိတ်မိနေခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းသုတ်သင်တဲ့ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပစ်ခတ်မှုသည် အော်ဂါဒိုဂူမြို့၏ လူစည်ကားသော ကွာမီခရူမာ ရိပ်သာလမ်းမကြီးပေါ်တွင် တနင်္ဂနွေနေ့ ညဦးပိုင်း ၂၁း၀၀ နာရီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဇစ်အစ္စတန်ဘူးလ် စားသောက်ဆိုင်သည် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရပုံရပြီး ၂၀ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သေဆုံးသူများ၏ နိုင်ငံသား အချက်အလက်များကို စိစစ်နေဆဲ ဖြစ်သည်ဟု အစိုးရက ထုတ်ပြန်သည်။

သေဆုံးသူတစ်ဦးမှာ တူရကီလူမျိုး ဖြစ်သည်ဟု မြို့တော်ရှိ ဆေးရုံတစ်ရုံက ပြောကြားသည်။ 

ယခုတိုက်ခိုက်မှုသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ကွာမီခရူမာ ရိပ်သာလမ်းမကြီး အနီးရှိ စပလန်းဒစ်ဟိုတယ်နှင့် ကာပူစီနိုစားသောက်ဆိုင်တွင် အယ်လ်ကေဒါအဖွဲ့က လူပေါင်း ၁၇၀ ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ လူ ၃၀ ခန့်ကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်နှင့် ဆင်တူသည်ဟု ဆိုကြသည်။

အာဖရိကတိုက်ရှိ ဘာကီနာဖာဆိုသည် ဆာဟဲလ်ဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်း အစ္စလာမ္မစ်စစ်သွေးကြွ အကြမ်းဖက်အုပ်စုများ လှုပ်ရှားနေသော မာလီနိုင်ငံသည်လည်း ဆာဟဲလ်ဒေသတွင် ပါဝင်သည်။          

F-04



FOLLOW US