News

POST TAGGED AS

အန္တရာယ်

ရခိုင်တွင် အကြမ်းဖက်မှုများ ဆက်ရှိလာနိုင်ဟု စုံစမ်းရေးကော်မရှင်ဆို
ရန်ကုန်၊ ဩဂုတ် ၆

ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်မှုများ ဆက်ရှိလာနိုင်ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ယနေ့ (သြဂုတ်လ ၆ ရက်)ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုအစီရင်ခံစာကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပြုစုသုံးသပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဩဂုတ်လ ၆ ရက်)တွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောဒေသရှိ မွတ်ဆလင် ရွာသားအများစုသည် တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင်လိုကြသော်လည်း ဒေသအတွင်းရှိ မော်လဝီဆရာအချို့၏ အစွန်းရောက် လွဲမှားသော လမ်းညွှန်မှုများ ရှိနေခြင်းကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

ထို့ပြင် ပြင်ပမှ သွေးထိုးလှုံဆော်မှုရှိခြင်း၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ငွေကြေး ထောက်ပံ့မှုများ ရှိနေခြင်း၊ လျှို့ဝှက် အကြမ်းဖက် သင်တန်းများ ပေးနေခြင်းတို့ကို ဖော်ထုတ် ရရှိနေခြင်းကြောင့် အကြမ်းဖက်လုပ်ရပ်များ ထပ်မံ ပေါ်ပေါက်မည့် အခြေအနေရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေနှင့် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး လိုအပ်နေပြီး လူဦးရေ များပြားသော မွတ်ဆလင်များအကြား နေထိုင်လျက်ရှိသည့် တိုင်းရင်းသားများအတွက် လုံခြုံစိတ်ချမှုပေးရန် အရေးကြီးသကဲ့သို့ မွတ်ဆလင်များကိုလည်း ကောင်းမွန်စွာဖြင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်က အကြမ်းဖက်အဖွဲ့ထံ ငွေကြေး ထောက်ပံ့နေသူများကို သွားရောက် ဖမ်းဆီးသည့် လုံခြုံရေးတပ်ဖွဲ့များကို လူခြောက်ရာဦးခန့်က ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။

အလားတူ ဩဂုတ်လ ၃ရက်ကလည်း မောင်တောမြို့နယ်အတွင်းရှိ မြိုတိုင်းရင်းသား ခြောက်ဦးကို အကြမ်းဖက်သမားများက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေသူ အချို့လည်းရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ထို့အတူ မေယုတောင်တန်းတွင်လည်း အကြမ်းဖက် သင်တန်းပေးသည့် စခန်းများနှင့် လှိုဏ်ဂူများကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းက လုံခြုံရေး တပ်ဖွဲ့များက ရှာဖွေ တွေ့ရှိထားသည်။

J-08



FOLLOW US