News

POST TAGGED AS

အနုကြမ်း

12-May-2017

အနုကြမ်း ပြည်
ပြည်မြို့လယ်ရှိ ဒေါင်းမင်းလက်ဖက်ရည်ဆိုင်တွင် ဓားထောက်အနုကြမ်းစီး
ပြည်၊ မေ ၁၂

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့လယ်ရှိ ဒေါင်းမင်းလက်ဖက်ရည်ဆိုင်တွင် မေလ ၁၁ ရက် ည ၉ နာရီကျော်ခန့်က ဓားထောက်အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။

ပြည်မြို့ ရွှေကူရပ်ကွက် တရုတ်တန်းလမ်းရှိ ဒေါင်းမင်းလက်ဖက်ရည်ဆိုင်နှင့် အင်တာနက်ဆိုင်တွင် မေလ ၁၁ ရက်နေ့ည ၉ နာရီ အချိန်ခန့်က ဆိုင်တာဝန်ခံ လည်ပင်းကို ဓါးထောက်ပြီး ငွေကျပ် သိန်းသုံးဆယ်ကျော် အနုကြမ်းစီး လုယက်ခဲ့ခြင်း ဖြစ်ပြီး၊ ပြည်မြို့တွင် လူသိများသော လူမိုက်ဟုဆိုသူ ဝက်ကလေးနှင့် အပေါင်းအပါတစ်ဦးတို့က ဆိုင်အတွင်း ဝင်ရောက် ဓားထောက်လုယက်ခဲ့ခြင်း ဖြစ်ကြောင်း လုယက်ခံရသူများနှင့် ပြည်မြို့ အမှတ် (၁) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်က ဒီဆိုင်မှာ စာရေးလုပ်တာ ဆော့ဖ်ဝဲထည့်နေတုန်း သူတို့နှစ်ယောက် ဆိုင်ထဲဝင်လာပြီး ကျွန်တော့်လည်ပင်းကို ဓားနဲ့ထောက်တယ်။ အဲ့ဒီအချိန်အထိ ကျွန်တော်က စနေတယ်မှတ်တာ ပိုက်ဆံတွေ ယူတော့မှ လုမှန်းသိတာ လူချင်းကလည်း မျက်မှန်းတန်းမိတော့ သူ့ကိုတော့ ကျွန်တော် ဝက်ကလေးလို့ပဲ သိတယ်။လက်တော့တွေ ငွေတွေ ဖုန်းတွေယူပြီး ပြန်အထွက်မှ ကျွန်တော့်အလုပ်ရှင်က ဆိုင်ထဲဝင်လာတော့ သူ့ကိုပါ ဓားနဲ့ထောက်ပြီး သူ့ဆီမှာ ပါလာတဲ့ငွေတွေ ထပ်ယူသွားတာ” ဟု ဒေါင်းမင်း အင်တာနက်ဆိုင် စာရေးဖြစ်သူ ကိုစွမ်းထက်လင်းက ပြောသည်။

ထိုသို့ လုယက်မှုကြောင့် လက်ပ်တော့ကွန်ပျူတာ ၁ လုံး၊ ဖုန်း ၂ လုံး၊ ကောင်တာအံဆွဲထဲမှ ငွေနှင့် အလုပ်ရှင်ထံမှ ငွေတို့ လုယက်ခံရပြီး ပစ္စည်းနှင့် ငွေတန်းဖိုးကျပ်သိန်း ၃၀ ကျော်ဖိုး ရှိကြောင်း၊ မောင်စွမ်းထက်လင်းမှာ ဓါးရိုးဖြင့် ခေါက်ခံရမှုကြောင့် ခေါင်းတွင် အနည်းငယ် ဖူးယောင်ဒဏ်ရာ၊ လည်ပင်းတွင် ပွန်းခြစ်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ပြည်မြို့ အမှတ် (၁) ရဲစခန်းမှ (ပ) ၆၈၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၆ အရ အမှုဖွင့်အရေးယူထားပြီး ဝက်ကလေးပါ (၂) ဦးအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် ပိတ်ဆို့ရှာဖွေ စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အမှတ် (၁) ရဲစခန်းမှ စုံစမ်းသိရှိရသည်။

M - 06



FOLLOW US