News

POST TAGGED AS

အနုကြမ်း

14-Jul-2017

အနုကြမ်း
တောင်ဥက္ကလာတွင် စည်ပင်အကြီးတန်း စာရေးမက အနုကြမ်းစီး
ရန်ကုန်၊ ဇူလိုင် ၁၄

တောင်ဥက္ကလာပမြို့နယ် ၁၂ ရပ်ကွက် ဘရဏီ ၁ လမ်းတွင် ယနေ့ မွန်းလွဲပိုင်းက အသက် ၆၈ နှစ် အဘွားအို၏ လည်ပင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် သန့်ရှင်းရေးဌာနမှ စည်ပင်အကြီးတန်း စာရေးမက ဘောပင်ဖြင့်ထိုးပြီး လက်ဝတ်ရွှေထည်များကို လုယက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်မှုကျူးလွန်သူ အသက် ၄၀ နှစ် အကြီးတန်းစာရေး ဒေါ်မူမူကျော်မှာ ယင်းနေ့က ဘရဏီ ၁ လမ်းရှိ သုံးထပ်တိုက် မြေညီထပ်အခန်းသို့ ယူနီဖောင်းဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ပိုးလောက်လန်း ရှိမရှိ လာစစ်ဆေးခဲ့ကြောင်း လုယက်ခံရသည့် နေအိမ်မိသားစုထံမှ သိရသည်။

"အိမ်မှာ အမေတစ်ယောက်ထဲ ရှိတဲ့အချိန် လာသွားတာ။ စည်ပင်ယူနီဖောင်းနဲ့ ဆိုတော့ အမေက ယုံပြီး တံခါးဖွင့်ပေးလိုက်တာ။ နောက်ဖေးအိမ်သာထဲ ရောက်တော့ သူက အမေ့လည်ပင်းကို ဘောပင်နဲ့ထိုးပြီး ရွှေလက်ကောက်နဲ့ ဆွဲကြိုးကို ခွတ်ယူတာ" ဟု လုယက်ခံရသည့် အဘွားအို၏ ချွေးမဖြစ်သူ မဝေဝေမြင့်က ပြောသည်။


"ဒီမှာ လူသတ်နေပါတယ်။ ကယ်ကြပါဦး အော်သံကြားလို့ ကျွန်မတို့က ထွက်ကြည့်တာ။ အမြဲအိမ်တံခါး သော့ခတ်ထားတဲ့ အဘွားဒေါ်နွယ်နွယ်ဝင်း အခန်းက တံခါးဟနေတယ်။ အဲဒါနဲ့ အိမ်ရှင် ကိုစိုးပိုင်က အိမ်ထဲပြေးဝင်သွားတော့ အိမ်သာ ဘိုထိုင်ပေါ်မှာ အဘွားက ပက်လက်ကြီး။ အဲမိန်းမလက်ထဲမှာ လုထားတဲ့ရွှေတွေ ကိုင်ထားတယ်။ ကိုစိုးပိုင်က တစ်ခါထဲ လည်ပင်းညှစ် ဖမ်းလိုက်တာ" ဟု အနုကြမ်းစီးခံရသည့် နေအိမ်နှင့်ကပ်လျက် အခန်းတွင် နေထိုက်သူ ဒေါ်သီတာက ဆိုသည်။

စည်ပင်အကြီးတန်းစာရေး ဒေါ်မူမူကျော်၏ လက်ထဲတွင် အဘွားအိုထံမှ လုယက်ထားသည့် ရွှေလက်ကောက် ၁၄ ကွင်းနှင့် ရွှေဆွဲကြိုး တစ်ကုံး ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း လုယက်စဉ်က အဘွားအိုကို ၎င်းက အိမ်သာခွက်အတွင်း ခေါင်းနှစ်ပြီး လည်ပင်းကို ဘောပင်ဖြင့် ထိုးခဲ့ကြောင်း ယင်းအမျိုးသမီးကို ဝိုင်းဖမ်းဆီးခဲ့သူများထံမှ သိရသည်။

"ပြီးခဲ့တဲ့ နှစ်ရက်က လမ်းထဲ စည်ပင်ဝန်ထမ်းတွေ ဒီယူနီဖောင်းနဲ့ပဲ ပိုးလောက်လန်းရှိမရှိ အိမ်တွေ လာစစ်သွားတယ်။ အခု သူက ဒီပုံစံနဲ့ အခွင့်ကောင်းယူပြီး လုယက်မှု ကျူးလွန်တာ ဖြစ်မယ်။ လက်မရဲလို့ အဘွားအသတ်မခံရတာ" ဟု လုယက်သူကို ဖမ်းဆီးခဲ့ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

အနုကြမ်းစီးခံရသည့် အဘွားအိုမှာ အငြိမ်းစား မူလတန်းကျောင်းအုပ်ဖြစ်ပြီး လုယက်မှု ကျူးလွန်သူ စည်ပင်အကြီးတန်းစာရေး ဒေါ်မူမူကျော်ကို တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၉၄  ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US